News

POST TYPE

LATEST NEWS POST

တနိုင်းတွင် တရားဝင်စစ်ရှောင်စခန်းများ ဖွင့်လှစ်ပေးရန် သမ္မတထံ စာတင်


မြစ်ကြီးနား၊ မေ ၂၃

ကချင်ပြည်နယ်၊ တနိုင်းမြို့အတွင်းရှိ ခရစ်ယာန်ဘာသာကျောင်းလေးကျောင်း၌ ခိုလှုံနေထိုင်ကြသော စစ်ရှောင်များအတွက် ပြည်ထောင်စုအစိုးရက တရားဝင် စစ်ရှောင်စခန်းများကို အမြန်ဆုံးဖွင့်လှစ်ဆောင်ရွက်ပေးရန် တနိုင်းမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်များက မေလ ၂၂ ရက်နေ့စွဲဖြင့် စာတင်တောင်းဆိုထားကြောင်း ယင်းလွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

တနိုင်းမြို့အတွင်းရှိ RC၊ KBC စသည့် ခရစ်ယာန်အသင်းတော်များ၏ အစီအစဉ်ဖြင့် နေထိုင်နေရသည့် စစ်ရှောင်များအတွက် စားဝတ်နေရေးဒုက္ခရောက်နေပြီး စစ်ရှောင်စခန်းမရှိသည့်အတွက် နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့် တရားဝင် ဆောင်ရွက်ပေးနိုင်ရန် တင်ပြထားခြင်းဖြစ်ကြောင်း တနိုင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနောင်နဂျန်တန်က ပြောကြားသည်။

“တရားဝင် ဆောက်လုပ်ခွင့်ပေးရင်တော့ မြန်မာနိုင်ငံကသော်လည်းကောင်း၊ ကမ္ဘာကသော်လည်းကောင်း ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးလို့ရတယ်။ အခုက တရားဝင်မရှိထားတော့ ကူညီကယ်ဆယ်ရေးတွေအတွက် အဆင်မပြေဘူးဖြစ်နေတာပေါ့”ဟု ၎င်းက ဆိုသည်။

အဆိုပါ စာကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဋ္ဌထံ လိပ်မူတောင်းခံထားကြောင်း၊ စစ်ရှောင်များအတွက် အစိုးရက တရားဝင်စစ်ရှောင်စခန်းများ ဆောက်လုပ်ခွင့်ပြုပါက မြေနေရာအနေအထားကို ဆက်လက်ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ စစ်ရှောင်များသည် တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့တို့အကြား စစ်ရေးတင်းမာမှုကြောင့် တနိုင်းမြို့နယ်အတွင်း နမ်ခမ်းကျေးရွာ၊ အင်္ဂါးဂါးကျေးရွာ၊ ထမ်းပရားကျေးရွာ၊ ကောင်ရာကျေးရွာနှင့် မှော်များမှ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇွန်လ ၁၅ ရက်နောက်ပိုင်းက ထွက်ပြေးတိမ်းရှောင်လာသူများနှင့် တနိုင်းမြို့ပေါ်သို့ အသစ်ရောက်ရှိလာသည့် အောင်လော့ဒ်ဒေသ စစ်ရှောင်များဖြစ်ကာ ၎င်းတို့မှာ ယနေ့အချိန်ထိ မိမိနေရပ်သို့ ပြန်နိုင်ခြင်းမရှိသေးဘဲ အကူအညီများ လိုအပ်လျက်ရှိကြောင်း ယင်းစစ်ဘေးရှောင်များထံမှ သိရသည်။

အဆိုပါ စစ်ဘေးရှောင်များကို မြစ်ကြီးနားသို့ ပြောင်းရွှေ့နေထိုင်ခွင့်ပေးရန်အတွက် ပြည်နယ်အစိုးရက စီစဉ်နေသည်ဟုလည်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦးက ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်းက ပြောကြားခဲ့သည်။ 

R-06