News

POST TYPE

LATEST NEWS POST

မွန်ဆားကြမ်းအတွက် လျာထားချက်မမီ
23-May-2018

မော်လမြိုင်၊ မေ ၂၂

မေလ ပထမပတ်ခန့်က ရွာသွန်းခဲ့သည့်မိုးကြောင့် ဆားရာသီမကုန်မီ ဆားလုပ်ငန်းသိမ်းခဲ့ရ၍ မွန်ပြည်နယ်တွင် ယခုနှစ်ဆားအထွက် လျာထားချက်မမီဟု သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ဆားနှင့် အဏ္ဏဝါဓာတုဗေဒ ပစ္စည်းထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်း (မွန်ပြည်နယ်) ရုံးမှ သိရသည်။

တစ်ပြည်နယ်လုံး ဆားကြမ်းတန်ချိန် ၂၇၀၀၀ ကျော်ထွက်ရန် လျာထားသော်လည်း တန်ချိန် ၂၁၀၀၀ ကျော်သာ ထွက်သည့်အတွက် လျာထားချက်အောက် ၂၀ ရာခိုင်နှုန်းကျော်လျော့သည်ဟု အထက်ပါရုံး ပြည်နယ်ဦးစီးမှူး ဦးခင်စိုးထံမှ သိရသည်။ 

“ဆားလုပ်ငန်းမှာ အကြောက်ရဆုံးက မိုးပဲ၊ တစ်ရက်နှစ်ရက်ရွာပြီး ရပ်သွားရင် ဆက်လုပ်လို့ရတယ်၊ အခုက မိုးကဆက်တိုက် ရွာလိုက်တော့ ဆက်လုပ်လို့ မရကြတော့ဘူး၊ ဆားရာသီမကုန်ခင်မှာ ဆားကွင်းသိမ်းလိုက်ကြရတယ်”ဟု ၎င်းက ပြောကြားသည်။ 

ယခုနှစ် ဆားထုတ်လုပ်ရာသီတွင် မွန်ပြည်နယ်အတွင်း၌ ဆားလုပ်တောင်သူ ၇၀ ဦးက ဆားကွင်းဧကပေါင်း ၂၈၃၉ တွင် ဆားကြမ်းထုတ်လုပ်ခဲ့သည်ဟု ဦးခင်စိုးက ဆက်လက်ပြောကြားသည်။

ပုံမှန်အားဖြင့် ဆားကြမ်းထုတ်လုပ်မှုသည် ရာသီဥတုအခြေအနေ ကောင်းမွန်ပါက ဒီဇင်ဘာလခန့်မှ မေလကုန်ထိ ထုတ်လုပ်နိုင်ပြီး ယခုနှစ်တွင် ဧပြီလအကုန် မေလဆန်းပိုင်းခန့်က ရွာသွန်းခဲ့သည့်မိုးကြောင့် ဆားလုပ်ငန်းများ စောပြီးသိမ်းဆည်းကြရသည်။

ဆားကြမ်းအထွက် လျော့နည်းသော်လည်း လက်ရှိ ဆားကြမ်းပေါက်ဈေးသည် တစ်ပိဿာ ကျပ် ၁၀၀ နှင့် ၁၅၀ အကြား ရှိနေသည့်အတွက် ဆားလုပ်တောင်သူများအတွက် အဆင်ပြေနေကြသည့် အနေအထားရှိသည်ဟု ပငဆားလုပ်တောင်သူများ ပြောကြားသည်။

“ဆားတောင်သူတွေအတွက် ရင်းရတဲ့အရင်းအနှီးနဲ့ဆိုရင် ဆားဈေး တစ်ပိဿာ ၁၀၀ လောက်ရနေရင် အဆင်ပြေကြပါတယ်၊ ဆားဈေး မတက်စေချင်ဘူး၊ ဆားကြမ်း တစ်ပိဿာ ၁၀၀ ပတ်ချာလည်လောက်ပဲ ဖြစ်စေချင်တယ်၊ ဘာကြောင့်လဲဆိုတော့ ဆားဈေးတက်လာရင် နိုင်ငံခြားဆားတွေ ဝင်လာနိုင်တယ်၊ နိုင်ငံခြားဆားဝင်လာရင် ဒီကဆားက ဘယ်လိုမှမယှဉ်နိုင်ဘူး”ဟု ပငဆားကွင်းမှ ဆားလုပ်ငန်းပိုင်ရှင် ဦးဝင်းထိန်က ဆိုသည်။

မွန်ပြည်နယ်မှထွက်သည့် ဆားများကို ပြည်နယ်အတွင်းအသုံးပြုပြီး ပိုလျှံသည့် ဆားများကို အထက်မြန်မာပြည် မန္တလေးဈေးကွက်နှင့် တနင်္သာရီတိုင်းဒေသကြီးဘက်ရှိ ငါးလုပ်ငန်းဈေးကွက်များသို့ အဓိက တင်ပို့ရောင်းချသည်ဟု ပြည်နယ် ဆားလုပ်ငန်းရှင်အသင်းမှ သိရသည်။

မွန်ပြည်နယ်တွင် သံဖြူဇရပ်မြို့နယ်ရှိ ပငရွာ၊ ကရုပ္ပိရွာ၊ ကျိုက္ခမီမြို့နှင့် စက်စဲ၊ ပေါင်မြို့နယ် ထန်းပင်ချောင်းရွာနှင့် ရေးမြို့နယ် ပလိုင်ကီးကျေးရွာတို့တွင် နေလှန်းဆား အများအပြား ထုတ်လုပ်ရာဒေသဖြစ်သည်။ 

Dawei Watch

  • VIA