News

POST TYPE

LATEST NEWS POST

ယောကျာ်းတန်ဆာကို ဓာတ်ဆီလောင်းမီးရှို့သူနှစ်ဦးကို အမှုဖွင့်
23-May-2018

ရန်ကုန်၊ မေ ၂၂

ကြိုပို့ယာဉ်တစ်စီးပေါ်တွင် အိပ်ပျော်နေသော ၂၁ နှစ်အရွယ် အမျိုးသား၏ ယောကျာ်းတန်ဆာကို စနောက်ပြီး ဓာတ်ဆီလောင်း မီးရှို့ခဲ့သော ၎င်း၏ သူငယ်ချင်း အမျိုးသားနှစ်ဦးကို မေလ ၂၁ ရက်က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

မီးလောင်ဒဏ်ရာများရခဲ့သည့် အမျိုးသားမှာ ယင်းမြို့နယ်ရှိ (၇၂) ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး မေလ ၁ ရက်က ၎င်း၏ သူငယ်ချင်းနှစ်ဦးနှင့်အတူ ကြိုပို့ယာဉ်တစ်စီးဖြင့်အတူ လိုက်ပါသွားခဲ့ကြောင်း၊ ကျန်စစ်သားလမ်းရှိ ကျန်စစ်သားအိမ်ရာအနီး မော်တော်ယာဉ်ကို ရပ်နားထားစဉ် ၎င်းမှာ ယာဉ်ပေါ်တွင် အိပ်ပျော်နေချိန် သူငယ်ချင်းနှစ်ဦးက ၎င်း၏တန်ဆာကို ဓာတ်ဆီလောင်း မီးရှို့ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

“လူက အိပ်နေပေမယ့် ဟိုဟာက မအိပ်ဘဲ နိုးနေတော့ သူ့သူငယ်ချင်း နှစ်ယောက်က စနောက်ပြီး ဓာတ်ဆီလောင်း မီးရှို့လိုက်တာ။ ယောကျာ်းအင်္ဂါ၊ ပေါင်ရင်းနဲ့ ဆီးစပ်တွေ မီးလောင်ဒဏ်ရာရသွားလို့ ကားအင်ဂျင် အပူရှိန်တက်ပြီး ရေပူတွေ စဉ်မိတာပါလို့ ပြောဆိုပြီး စံပြဆေးရုံ တက်ခဲ့တယ်လို့ သိရတယ်”ဟု ရဲအရာရှိက ပြောသည်။

မီးလောင်ဒဏ်ရာများရခဲ့သည့် အမျိုးသားကို ၎င်း၏ဖခင်က မေးမြန်းရာမှ ဖြစ်စဉ်မှန်ကို သိရှိခဲ့ပြီးနောက် ဓာတ်ဆီလောင်းမီးရှို့သည့် အသက် ၁၉ နှစ်နှင့် ၂၁ နှစ် အမျိုးသားနှစ်ဦးကို ဥပဒေအရ အရေးယူပေးပါရန် မေလ ၂၁ ရက်နေ့က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းထံ တိုင်ကြားခဲ့သဖြင့် ရာဇသတ်ကြီး ပုဒ်မ ၃၂၆/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။  

S-03

  • VIA