News

POST TYPE

LATEST NEWS POST

ဇွန်၂ ရက် ဆယ်တန်း အောင်စာရင်းထွက်မည့်သတင်း အစိုးရငြင်း
22-May-2018


ရန်ကုန်၊ မေ ၂၂

တက္ကသိုလ်ဝင် (ဆယ်တန်း) စာမေးပွဲ အောင်စာရင်း ဇွန် ၂ ရက်ထွက်မည်ဟု လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့်သတင်းမှာ ကောလာဟလဖြစ်ပြီး ရက်မသတ်မှတ်ရသေးကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးအောင်ထိုက်က မေလ ၂၂ ရက် နံနက်ပိုင်းတွင် The Voice သို့ ပြောကြားသည်။

ယခုနှစ်မတ်လက စစ်ဆေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇွန်လအတွင်း ထုတ်ပြန်မည်ဖြစ်ပြီး မထုတ်ပြန်မီ ၂ ရက်၊ ၃ ရက်အလိုတွင် နိုင်ငံပိုင်သတင်းစာ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှတစ်ဆင့် အသိပေးမည်ဖြစ်ကြောင်း၊ ရက်ကို လတ်တလော မပြောနိုင်သေးကြောင်း၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ်က တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ဇွန်လ ၁၇ ရက်၊ အများပြည်သူ ရုံးပိတ်ရက်ဖြစ်သည့် စနေနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 

နှစ်စဉ် နှစ်တိုင်းတွင် အောင်စာရင်းကို အများပြည်သူ ရုံးပိတ်ရက် စနေနေ့ သို့မဟုတ် တနင်္ဂနွေနေ့တွင် ထုတ်ပြန်လေ့ရှိသည်။

အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်း အထက်တန်းကျောင်းအုပ် ဦးတင်ခိုင်ညွန့်က “ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်မယ်ဆိုရင်တော့ သတင်းစာတို့ ဘာတို့မှာ တရားဝင် ကြေညာတယ်။ ခုဟာက ဖေ့စ်ဘွတ်ခ်က ပျံ့နေတာဆိုတော့ မိဘတွေကလည်း ၂ ရက်နေ့ ထွက်မယ်ဆိုပြီး ရင်ခုန်နေကြတယ်”ဟု ပြောကြားသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို ယခုနှစ် မတ်လ ၇ ရက်မှ ၁၆ ရက်ထိ ၈ ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအနေနှင့် စာစစ်ဌာန ၁၇၄၂ ခုတွင် ကျောင်းသား၊ ကျောင်းသူ ၇ သိန်း ၈ သောင်းကျော် ဝင်ရောက်ဖြေဆိုခဲ့ကြောင်း စာစစ်ဦးစီးဌာနထံမှ သိရသည်။

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန်လ ၁၇ ရက်က ထုတ်ပြန်ခဲ့ပြီး ဖြေဆိုသူ ၇၁၆,၁၈၈ ဦး အနက် ၂၄၂,၇၃၆ ဦး အောင်မြင်ခဲ့ကာ အောင်ချက် ၃၃ ဒသမ ၈၉ ရာခိုင်နှုန်း ရှိခဲ့ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနထံမှ သိရှိရသည်။

J-19