News

POST TYPE

LATEST NEWS POST

မကွေးတွင် နိုင်ငံကူးလက်မှတ်ပြုလုပ်သူ နှစ်ဆတိုး
22-May-2018



မကွေး၊ မေ ၂၁

မကွေးတိုင်းဒေသကြီး၌ နိုင်ငံကူးလက်မှတ် (Passport)  ပြုလုပ်သူ ပြီးခဲ့သည့်နှစ်ကထက် နှစ်ဆကျော်တိုးလာကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးခွဲ (မကွေး) ထံမှသိရသည်။

ပြီးခဲ့သည့်နှစ်က တစ်ရက်လျှင် ပတ်စ်ပို့လာရောက်ပြုလုပ်သူသည် တစ်ရက်လျှင် ပျမ်းမျှ ၂၀ ဦးခန့်သာရှိခဲ့ရာမှ ယခုနှစ်အတွင်း လာရောက်ပြုလုပ်သူ တစ်ရက်လျှင် ပျမ်းမျှ ၅၀ ဦးခန့်အထိလာ ရောက်ပြုလုပ်ကြောင်း၊ ပြီးခဲ့သည့်နှစ် ဇန်နဝါရီမှ မေလအထိ ပတ်စ်ပို့ပြုလုပ်သူ ၁၆၀၀ ကျော်မှ ယခုနှစ်ကာလတူအတွင်း ၃၀၀၀ နီးပါးအထိ လာရောက်ပြုလုပ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

အဆိုပါ နိုင်ငံကူးလက်မှတ်ပြုလုပ်သူ အများစုသည် ထိုင်းနှင့်မလေးရှား နိုင်ငံများသို့ အလုပ်သွားရောက် လုပ်ကိုင်နိုင်ရန် ပြုလုပ်သူအများဆုံးဖြစ်ပြီး ပြည်ပသို့ ဘုရားဖူးရန်၊ ဆေးကုရန်၊ ပညာသင်ရန်၊ ဈေးဝယ်ရန်နှင့် အလည်အပတ် သွားရောက်သူများကလည်း ပြုလုပ်ကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ သွားမလို့ပါ။ ဟိုမှာရှိတဲ့ လူခံ ၂ ဦးက အလုပ်ရှာပေးမယ်လို့ ပြောတယ်။ အခြေခံလစာ လေးသိန်းခွဲရမယ်လို့ ပြောတယ်။ ဒီမှာလည်း အိမ်ဆိုင်ဖွင့်ထားတာ အဆင်ပြေပါတယ်။ အပိုဝင်ငွေရှာဖို့ သွားတာပါ”ဟု တောင်တွင်းကြီးမြို့နယ်မှ ပတ်စပို့လာလျှောက်သူ ဦးလွင်ဖြိုးထက်က ပြောဆိုသည်။

ပတ်စပို့ လျှောက်ထားမည်ဆိုပါက (အပြီးအစီး) ကျပ် ၂၅,ဝ၀၀ ဖြစ်ပြီး ပြည်ပတွင် ပတ်စပို့ပျောက်၍ အသစ်လျှောက်ပါက အမေရိကန်ဒေါ်လာ ၇၅ နှင့် အသစ်ပြုလုပ်ခ ကျပ် (၂၅,ဝ၀၀) ပေးဆောင်ရမည်ဖြစ်ကာ ပြည်တွင်း၌ ပျောက်ဆုံး၍ အသစ်ပြုလုပ်ပါက အမေရိကန်ဒေါ်လာ ၇၅ ကို မြန်မာငွေပေါက်ဈေးအတိုင်း ပေးဆောင်စေပြီး ကျပ် (၂၅,ဝ၀၀) ထပ်မံပေး ဆောင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေး အဖွဲ့ရုံးခွဲ (မကွေး) ထံမှသိရသည်။ 

လွင်အေး


  • VIA