News

POST TYPE

LATEST NEWS POST

ဖားကန့်တွင် မြေပြို နှစ်ဦးသေ၊ ၈ ဦးဒဏ်ရာရ
22-May-2018

မြစ်ကြီးနား၊ မေ ၂၁

ဖားကန့်မြို့နယ် ဝှေခါကျေးရွာအနီး ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်နှစ်ခုတို့ ထိစပ်လျက်ရှိသော ကမ်းပါးတစ်ခု မေလ ၂၀ ရက်နေ့ ညနေ ၅ နာရီခန့်က ပြိုကျခဲ့ရာ ရေမဆေးကျောက် ရှာဖွေသူနှစ်ဦး သေဆုံးခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်​။ 

အဆိုပါ မြေပြိုကျမှုကြောင့် ယင်းအနီးတွင် ရေမဆေးကျောက် ရှာဖွေနေသူနှစ်ဦး သေဆုံးခဲ့ပြီး ရှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း ဆိပ်မူကျေးရွာအုပ်စု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောကြားသည်။

“ပြိုကျတဲ့နေရာမှာ ပွဲချင်းသေတာက တစ်ယောက်။ ဆေးရုံတင်တဲ့အခါမှာ သေတာက တစ်ယောက်ပေါ့။ ဒဏ်ရာရတာက ၈ ယောက်ပေါ့။ စိုးရိမ်စရာတော့ မရှိဘူး”ဟု ၎င်းက ဆိုသည်။

အဆိုပါ မြေကမ်းပါးယံပြိုကျမှုကြောင့် ဒဏ်ရာရရှိသူများသည် ဖားကန့်ဆေးရုံတွင် မစိုးရိမ်ရအခြေအနေနှင့် ဆေးကုခံယူနေပြီး ယင်းမြေပြိုမှု၌ ပိတ်မိသေဆုံးသူ ရှိမရှိကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးသူများထံမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် မေလ ၄ ရက်နေ့ကလည်း ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာအနီး လုပ်ကွက်တစ်ခုတွင် မြေပြိုကျခဲ့မှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၁၈ ဦးသေဆုံးခဲ့ပြီး ပျောက်ဆုံးသူ အများအပြားလည်းရှိခဲ့သည်။ 

ဖားကန့်ကျောက်စိမ်း လုပ်ကွက်များတွင် မြေစာပုံပြိုကျမှုနှင့် ကျောက်ကမ်းပါးယံများ ပြိုကျမှုမကြာခဏဖြစ်ပွားနေရာ လူအများအပြား သေဆုံးမှုအဖြစ် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်းက မြေပြိုကျမှုကြောင့် လူ ၁၁၄ ဦး သေဆုံးခဲ့သည်။

R-06


  • VIA