News

POST TYPE

LATEST NEWS POST

Grab ကို ကန့်ကွက်သည့် စတစ်ကာကမ်ပိန်း တက္ကစီခုနစ်ဖွဲ့လုပ်


ရန်ကုန်၊ မေ ၂၁

ရန်ကုန်တိုင်းအတွင်း မောင်းနှင်နေသည့် Grab အဖွဲ့ဝင် အငှားတက္ကစီ ယာဉ်မောင်းအဖွဲ့ ခုနစ်ဖွဲ့က Grab Myanmar ကုမ္ပဏီကို ကန့်ကွက်သည့်အနေနှင့် မေလ ၂၁ ရက်က Grab အမှတ်တံဆိပ်ကို ကြက်ခြေခတ်ထားသော စတစ်ကာကမ်ပိန်းနှင့် ဖဲကြိုးဖြူလှုပ်ရှားမှုကို ပူးပေါင်းပြုလုပ်ကြောင်း ကန့်ကွက်သည့် ယာဉ်မောင်းများထံမှ သိရသည်။

မေလ ၂၁ ရက် မွန်းတည့် ၁၂ နာရီမှစ၍ သာကေတ၊ သုဝဏ္ဏ၊ မြောက်ဒဂုံ၊ ဒဂုံ၊ အလုံ၊ စမ်းချောင်း၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ ကြည့်မြင်တိုင်၊ တောင်ဥက္ကလာ၊ တာမွေ၊ မေတ္တာညွှန့်၊ မင်္ဂလာတောင်ညွှန် မြို့နယ်များရှိ စုရပ်များမှ အဖွဲ့လိုက်ကားများတွင် ဖဲကြိုးဖြူနှင့် Grab အမှတ်တံဆိပ်ကို ကြက်ခြေခတ်ထားသော စတစ်ကာများ လှည့်လည်မောင်းနှင်ခဲ့ခြင်းဖြစ်သည်။

“ကုမ္ပဏီဘက်က ထင်နေတာ လူနည်းစုအဖွဲ့လေးက လုပ်တာပေါ့။ တကယ်တော့ တခြားတက္ကစီအဖွဲ့တွေနဲ့ တိုင်ပင်ပြီးမှ လုပ်တာပါ။ ကျွန်တော်တို့ ဖဲကြိုးဖြူလှုပ်ရှားမှုကတော့ အစပြုလိုက်တာပေါ့။ ဒီ ၂၁ ရက်မှ အဖွဲ့တွေ အားလုံးပေါင်းပြီး ဖဲကြိုးဖြူအပါအဝင် စတစ်ကာကမ်ပိန်း ပြုလုပ်တာပါ။ ရက်အကန့်အသတ်မထားဘူး”ဟု ဖဲကြိုးဖြူလှုပ်ရှားသည့် အငှားယာဉ်မောင်းတစ်ဦးက ဆိုသည်။

အဆိုပါလှုပ်ရှားမှုကို Yangon Taxi Drivers YTDG အဖွဲ့၊ ကီလိုတက္ကစီအဖွဲ့ KTG၊ နယ်လိုင်စင်တက္ကစီအဖွဲ့တို့ပါဝင်ပြီး အဖွဲ့ဝင်ပေါင်း သုံးသောင်းကျော်ပါဝင်ခဲ့ကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။

ယာဉ်မောင်းအဖွဲ့ငယ်တစ်ခု၏ လှုပ်ရှားမှုဟာ မြန်မာနိုင်ငံမှာရှိသည့် များပြားလှသည့် Grab မိတ်ဖက်ယာဉ်မောင်း ကွန်ရက်ကြီးတစ်ခုလုံး၏ သဘောထားမဖြစ်နိုင်ဟု ယုံကြည်ပြီး ကျွန်တော်တို့ကလည်း မိတ်ဖက်ယာဉ်မောင်းများ၏ အကျိုးစီးပွားတိုးတက်ရန် ဆက်လက်ဦးစားပေး ဆောင်ရွက်သွားပါမည်ဖြစ်ကြောင်း Grab အငှားယာဉ်မောင်းများ ဖဲကြိုးဖြူလှုပ်ရှားမှုနှင့် ပတ်သက်၍ မေလ ၁၉ရက်က Grab Myanmar ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

Grab Myanmar ကုမ္ပဏီက ဖဲကြိုးဖြူလှုပ်ရှားမှုတွင် ပါဝင်သည့် Grab Member ဝင် ယာဉ်မောင်းများအပါအဝင် အခြားအဆင်မပြေသည့် ယာဉ်မောင်းများနှင့်လည်း တွေ့ဆုံညှိနှိုင်းမှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး တွေ့ဆုံမည့်ရက်ကို အတိအကျ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း Grab Myanmar ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မေလ ၂၁ ရက်က ပြောကြားသည်။

“တစ်ခုပြောချင်တာက အခုလို ကမ်ပိန်းလုပ်နေတဲ့ရက်ပိုင်းမှာ ကုမ္ပဏီရဲ့ System ကို ပြန်ကြည့်တဲ့အခါ app ပိတ်တာ မရှိဘူး။ ဒီရက်ထဲပဲ မိတ်ဖက်ယာဉ်မောင်းတွေ အသစ်ဝင်နေတယ်။ ခရီးသည်တွေဘက်က ကားမရလို့ အဆင်မပြေဘူးလို့ ပြောတာတွေ မရှိပါ။ ဒါက လက်ရှိ အခြေအနေပေါ့။ လှုပ်ရှားမှုပြုလုပ်တဲ့ သူတွေနဲ့လည်း တွေ့ဆုံမှာပါ”ဟု ၎င်းက ဆိုသည်။

Grab က မိတ်ဖက်ယာဉ်မောင်း အသစ်တွေကိုလည်း သေသေချာချာ စိစစ်ရွေးချယ်နေပြီး မိတ်ဖက်ယာဉ်မောင်းများ၏ လုပ်ရည်ကိုင်ရည်နှင့် အပြုအမူပိုင်း၊ လုပ်ဆောင်မှုပိုင်းဆိုင်ရာတွေကို သေချာစစ်ဆေးကာ ခရီးသည်တွေအပေါ် ရိုင်းပျစွာ ပြောဆိုဆက်ဆံသည့် ယာဉ်မောင်းများ၊ ခရီးသည်၏ လုံခြုံရေးကို ထိပါးခြိမ်းခြောက်သည့် ယာဉ်မောင်းများကို Grab ကွန်ရက်တွင် ဆက်လက်လုပ်ကိုင်ခွင့်မပြုကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိ ယာဉ်မောင်းများ၏ အခက်အခဲများမှာ ယာဉ်မောင်းများ သုံးစွဲရသည့် app တွင် ခရီးစဉ်လမ်းကြောင်း လက်မခံခင် ဘယ်မှဘယ်ကိုသွားမည်ဟုခရီးစဉ်များ မမြင်ရခြင်း၊ ဈေးနှုန်းကြို မမြင်ခြင်း၊ ခရီးစဉ်မကြိုက်ပါက Cancel လုပ်ခွင့်မရှိခြင်း၊ ယာဉ်တစ်စီးတွင် ခရီးသည်များ လေးဦးထက်ပိုမစီးရန် ကြိုတင် မထုတ်ပြန်ထားခြင်းနှင့် ယာဉ်မောင်း၏ အသက်အာမခံနှင့် လုံခြုံရေးထားရှိမှုအပိုင်း အတိအကျမသိရှိခြင်း စသည့်အချက်များအပါအဝင် အခြားအချက်များရှိကြောင်း Grab ကို ကန့်ကွက်လှုပ်ရှားသူ ယာဉ်မောင်းများထံမှ သိရသည်။

“ဒီလှုပ်ရှားမှုက ခရီးသည်များ အပါအဝင် အားလုံးကိုပြောချင်တာ ခရီးစဉ်ဈေးနှုန်းအတွက် မဟုတ်ဘူး။ တကယ်နစ်နာမှုရှိတဲ့ လုပ်ငန်းဆောင်ရွက်မှု အချက်တွေကြောင့်ပါ”ဟု ကန့်ကွက်လှုပ်ရှားသူ တက္ကစီယာဉ်မောင်းတစ်ဦးက ဆိုသည်။

အခြားသော အငှားတက္ကစီဝန်ဆောင်မှု ကုမ္ပဏီများနှင့် ကုမ္ပဏီ Partner ဝင်အဖြစ် လုပ်ကိုင်နေသူများ အများအပြားရှိနေသော်လည်း Grab Myanmar ကုမ္ပဏီက ဘာကြောင့်ယာဉ်မောင်းများ အဆင်မပြေဖြစ်ရခြင်းကို အဖြေရှာရန် ယခုကဲ့သို့ ကန့်ကွက်လှုပ်ရှားမှုကို ဆောင်ရွက်ခြင်းလည်းဖြစ်ကြောင်း ကန့်ကွက်လှုပ်ရှားသူများက ပြောကြားသည်။

“မိမိက အဆင်ပြေရင် အလုပ်လက်ခံမယ်။ အဆင်မပြေရင် အလုပ်ကိုငြင်းဆန်ပိုင်ခွင့် ရှိပါတယ်။ ဒါက အလုပ်သမားတစ်ယောက်ရဲ့ မူလအခွင့်အရေးပါ။ ဒီအခွင့်အရေး ဆုံးရှုံးနေတယ်။ ဘယ်လိုအခြေအနေမဆို ငြင်းခွင့်မရှိဘူး”ဟု Yangon Taxi Drivers အဖွဲ့ဝင် အငှားတက္ကစီ ယာဉ်မောင်းတစ်ဦးက ဆိုသည်။

Grab Myanmar ကုမ္ပဏီသည် ၂၀၁၇ နှစ်လယ်ပိုင်းက မြန်မာနိုင်ငံကို စတင်ဝင်ရောက်လာခဲ့ပြီး မြန်မာ့နိုင်ငံအနှံ့ မိတ်ဖက်ယာဉ်မောင်းများနှင့် အငှားတက္ကစီ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လျက်ရှိပြီး စင်ကာပူနိုင်ငံအခြေစိုက် Grab ကုမ္ပဏီသည် အရှေ့တောင်အာရှဒေသတွင်း၌ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ အစားအစာနှင့်အထုပ်အပိုး ပို့ဆောင်ရေးလုပ်ငန်း၊ မိုဘိုင်းလ်ငွေပေးချေစနစ်နှင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။

J-06