News

POST TYPE

LATEST NEWS POST

ရွှေဘိုခရိုင်တွင် ကျေးရွာ ၁၅ ရွာ ရေရရှိရေး ကျပ်သန်း ၂၂၀ ကျော်သုံး
21-May-2018

ရွှေဘို၊ မေ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ ကျေးရွာ ၁၅ ရွာတွင် သောက်သုံးရေရှိရေးဆောင်ရွက်ရန် ကျပ်သန်း ၂၂၀ ကျော် သုံးစွဲထားကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်က ပြောကြားသည်။ 

ရေလိုအပ်သည့်ကျေးရွာများကို အဓိကဦးစားပေး ဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၁၇-၂၀၁၈ ပြည်ထောင်စုဘတ်ဂျက်ဖြင့် ရေတွင်းများတူးဖော်ခြင်းနှင့် မြေသား ရေကန်တူးဖော်ခြင်းတို့အတွက် သုံးစွဲခဲ့ပြီး ယင်းလုပ်ငန်းများမှာ ရာနှုန်းပြည့်ပြီးစီးနေကာ ဒေသအတွင်း ရေပြတ်လပ်မှု မရှိစေရန် ပြင်ဆင်ထားကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါ စီမံကိန်းကို ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ရေဦး၊ ဒီပဲယင်းနှင့် တန့်ဆည်မြို့နယ်တို့မှ ကျေးရွာ ၁၅ ရွာတွင် အဝီစိရေတွင်းများ တူးဖော်ခြင်းနှင့် မြေသားရေကန်တူးဖော်ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ရွှေဘိုမြို့နယ် စိုင်ဒိုးကျေးရွာနှင့် ဒီပဲယင်းမြို့နယ် အင်ပင်ကျေးရွာတွင် နိုင်ငံတော်ထောက်ပံ့ငွေ ကျပ်သန်း ၃၀ ဖြင့် ရေတွင်းတူးဖော်ခဲ့ကြောင်း အဆိုပါဌာနထံမှ စုံစမ်းသိရှိရသည်။

“ရေအခက်အခဲက ရွှေဘိုမြို့နယ်ထဲမှာ မရှိဘူး။ သဖန်းဆိပ် နွေဆည်ရေပေးဝေတာဖြစ်တဲ့အတွက် လုံလောက်မှုရှိတယ်။ ရေပြတ်လပ်နိုင်တဲ့ ကျေးရွာတော်တော်များများ ရေရရှိဖို့ဆောင်ရွက်ထားတယ်”ဟု ရွှေဘိုမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမြတ်သိန်းက ဆိုသည်။  

R-09

  • VIA