News

POST TYPE

LATEST NEWS POST

ဧရာဝတီတိုင်းအတွင်း တန်ပိုတင်ဆောင်ဖြတ်သန်းခွင့်ပိတ်မည်
ပုသိမ်၊ မေ ၂၀

ဧရာဝတီတိုင်းအတွင်းရှိ လမ်းပေါင်း ၈၀ ကျော်တွင် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များအနေနှင့် ဇွန်လ ၁ ရက်နေ့ကစ၍ တန်ပို တင်ဆောင်ခွင့် မပြုတော့ကြောင်း တိုင်းအစိုးရအဖွဲ့ရုံးထံမှ သိရသည်။

ပုသိမ်၊ မြောင်းမြ၊ ဖျာပုံ၊ မအူပင်၊ လပွတ္တာနှင့် ဟင်္သာတခရိုင်တို့အတွင်းရှိ လမ်းများပေါ်၌ သတ်မှတ်ထားသည့် ယာဉ်နှင့် ကုန်တန်ချိန်အတိုင်းသာ ဖြတ်သန်းသွားလာခွင့်ပြုမည်ဖြစ်ပြီး မည်သည့် အကြောင်းပြချက်နှင့်မျှ တန်ပိုတင်ဆောင်ခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း၊ လမ်းများ၏ ခံနိုင်ဝန်ကိုတွက်ချက်၍ လမ်းအလိုက် တန်ချိန်များကို သတ်မှတ်ပေးမည်ဖြစ်ကြောင်း ဧရာဝတီတိုင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

“အရင်တုန်းက တန်ပိုကြေးကောက်ပြီး ဖြတ်သန်းခွင့်ပြုခဲ့ကြတယ်၊ ဒီနှစ်မှာတော့ တန်ပိုကြေးပေးပြီး သွားလို့မရတော့ဘူး။ ပိုရင်ပိုတဲ့ပစ္စည်း ချခိုင်းမယ်။ ကတ္တားတွေဝယ်ထားပြီး အဓိကအချက်အချာကျတဲ့ အရေးကြီးတဲ့ လမ်းတွေမှာချထားပေးမယ်။ ဧရာဝတီတိုင်းကလမ်းတွေက မိုးရာသီမှာ အောက်ခြေမြေသားပျော့တော့ လမ်းရဲ့ခံနိုင်ဝန်အားလည်း လျော့ကျသွားတာကြောင့် ကန့်သတ်ရတာ”ဟု ၎င်းက ပြောဆိုသည်။

ဧရာဝတီတိုင်းအတွင်း တန်ပိုသတ်မှတ်သည့် လမ်းများတွင် အသုံးပြုနိုင်ရန် ကတ္တားများကို ဖျာပုံခရိုင်အတွက် ငါးလုံး၊ ပုသိမ်ခရိုင်အတွက်နှစ်လုံး၊ လပွတ္တာခရိုင်အတွက် တစ်လုံးနှင့် မြောင်းမြခရိုင်အတွက် သုံးလုံး ဝယ်ယူထားပြီးဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ရုံးထံမှ ထပ်မံသိရသည်။ 

မိုးရာသီအတွင်း တစ်လမ်းနှင့်တစ်လမ်း ခံနိုင်ဝန်မတူညီသဖြင့် အနိမ့်ဆုံးလေးတန်နှင့်အောက် ယာဉ်များ ဝင်ထွက်နိုင်သည့်လမ်းမှ ၁၆ တန်နှင့်အောက် ဝင်ထွက်နိုင်သောလမ်းအထိ လမ်းအမျိုးအစား ခုနစ်မျိုး ခွဲခြားသတ်မှတ်ထားကြောင်း၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ အိမ်မဲ-ဒါးကလမ်းနှင့် ကံကုန်း-မြင်းကဆိပ်-မြောင်းမြ လမ်းတို့သည် အထူးအလေးထားရမည့် လမ်းများဖြစ်ကြောင်း ဧရာဝတီတိုင်း လမ်းဦးစီးဌာနထံမှလည်း သိရသည်။ 

R-12