News

POST TYPE

LATEST NEWS POST

ဥရောပ၊ တရုတ်နှင့် ရုရှားတို့ အီရန်ဆိုင်ရာ စာချုပ်သစ်အတွက် ဆွေးနွေး


ဘာလင်၊ မေ ၂၀

ဥရောပ၊ တရုတ်နှင့် ရုရှားနိုင်ငံများမှ သံတမန်များသည် ၂၀၁၅ အီရန်နျူကလီးယား သဘောတူစာချုပ်ကို ထိန်းသိမ်းရန် မျှော်လင့်ချက်ဖြင့် အီရန်၏ ပဲ့ထိန်းဒုံးကျည် အစီအစဉ်နှင့် ဒေသတွင်းစွက်ဖက်မှုများကို ထိန်းချုပ်ရေးအတွက် ငွေကြေးထောက်ပံ့မှုပေးရန် စာချူပ်သစ်တစ်ရပ်ကို ဆွေးနွေးနေသည်ဟု တနင်္ဂနွေနေ့ထုတ် ဂျာမန်သတင်းစာက ရေးသားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

၂၀၁၅ အီရန် နျူကလီးယား သဘောတူစာချုပ်မှနုတ်ထွက်ရန် အမေရိကန်သမ္မတထရမ့်က မေလ ၈ ရက်တွင် ဆုံးဖြတ်လိုက်ပြီးနောက်တွင် နောက်ပိုင်းကိစ္စများကို ဆွေးနွေးရန်အတွက် လာမည့်အပတ် ဗီယင်နာတွင် အကြီးတန်း အီးယူသံတမန် ဟယ်လ်ဂါရှမစ်၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများ တွေ့ဆုံကြမည်ဟု အီးယူသတင်းများကို ကိုးကား၍ Welt am Sonnta သတင်းစာက ရေးသားသည်။

အစည်းအဝေးတွင် ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်၊ ရုရှားနှင့် တရုတ်တို့ ပါဝင်ကြမည်ဖြစ်သော်လည်း အမေရိကန် ပါဝင်မည်မဟုတ်တော့ဟုဆိုသည်။ ပဲ့ထိန်းဒုံးကျည် အစီအစဉ်ထိန်းချုပ်ရေးကို ယခင်က အာခံနေခဲ့သော အီရန်နိုင်ငံ အစည်းအဝေးတွင် ပါဝင်မလားဆိုသည်ကိုမူ ချက်ချင်း မသိရသေးပေ။

၂၀၁၅ စာချုပ်တွင် အနောက်အုပ်စု၏ အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းပေးခြင်းအတွက် အီရန်က ၎င်း၏ နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်ရန် သဘောတူခဲ့သည်။ ထရမ့်အစိုးရ၏ အဓိက ထောက်ပြချက်တစ်ခုမှာ စာချုပ်တွင် အီရန်၏ ပဲ့ထိန်းဒုံး ကျည်အစီအစဉ်နှင့် အရှေ့အလယ်ပိုင်းမှ အကြမ်းဖက်အုပ်စုများအား ထောက်ပံ့မှုတို့ကို ထိန်းချုပ်မည့်အချက် မပါဝင်ခြင်း ဖြစ်သည်။

အီရန်၏နျူကလီးယား စည်းကမ်းချက်များကို ဆက်လက်ထိန်းသိမ်းပြီး ၎င်း၏ ဒုံးကျည်အစီအစဉ်နှင့် ဒေသတွင်း စွက်ဖက်မှုများကို ထိန်းချုပ်မည့် သဘောတူညီမှုအသစ်သည် အီရန်အပေါ် အရေးယူ ပိတ်ဆို့မှုများ ရုပ်သိမ်းပေးစေရန် ထရမ့်အား စည်းရုံးရာတွင် အထောက်ကူပြုလိမ့်မည်ဟု သတင်းစာက ရေးသားထားသည်။

“ဗီယင်နာ နျူကလီးယားသဘောတူ စာချုပ်ဆိုတဲ့အမည်ကနေ ရှောင်ရှားပြီးတော့ နောက်ဆက်တွဲ စည်းကမ်းချက် အနည်းငယ် ထပ်ဖြည့်ဖို့လိုပါတယ်။ ဒါမှသာ အရေးယူပိတ်ဆို့မှုတွေ နောက်တစ်ကြိမ် ရုပ်သိမ်းပေးဖို့ သမ္မတထရမ့်ကို ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်”ဟု အကြီးတန်း အီးယူ သံတမန်တစ်ဦးက ပြောကြားသည်။ 

ဂျာမန်နိုင်ငံခြားရေးဌာနကမူ ချက်ချင်းမှတ်ချက်ပေးခြင်း မရှိသေးပေ။

အီးယူသည် နျူကလီးယားစာချုပ်ကို ဆက်လက်ထိန်းသိမ်းရန်နှင့်၊ တီဟီရန်နှင့် ကုန်သွယ်မှုကို အားကောင်းရန် တာဝန်ယူကြောင်း ထပ်မံအာမခံရန်အတွက် အီးယူ၏ စွမ်းအင်ဆိုင်ရာ အကြီးအကဲသည် စနေနေ့က အီရန်သို့ ရောက်ရှိနေသည်။

စာချုပ်ကို ဆက်လက်တာဝန်ယူထားကြသောနိုင်ငံများက အီးယူကသာ ထိန်းသိမ်းရန် ပျက်ကွက်လျှင် အခြေအနေ ဆိုးဝါးသွားလိမ့်မည်ဟု ပြောကြားကြသည်။

အီရန်၏ ပဲ့ထိန်းဒုံးကျည် အစီအစဉ်ကြောင့် ဝါရှင်တန်က တစ်ဖက်သတ်အရေးယူပိတ်ဆို့မှုများ ပြန်လည်ချမှတ်လိုက်ပါက တီဟီရန်တွင် စီးပွားရေးလုပ်မည့် အနောက်အုပ်စု ရင်းနှီးမြှုပ်နှံသူများကို ဟန့်တားမည်ဖြစ်သောကြောင့် အီရန်လည်း စာချုပ်မှ ငွေကြေးအကျိုးအမြတ်ရရှိနိုင်ရန် ကြိုးစားလျက်ရှိသည်။

အမေရိကန်၏ အရေးယူပိတ်ဆို့မှုများ ပြန်လည်ချမှတ်လျှင် ဥရောပကုမ္ပဏီများ အခက်တွေ့မည်ကို နားလည်သောကြောင့် အီးယူတာဝန်ရှိသူများကလည်း နည်းလမ်းသစ်ကို ရှာဖွေနေကြခြင်းဖြစ်သည်ဟု ဂျာမန်သတင်းစာက ရေးသားထားသည်။

အီးယူက တူရကီအား ဒေါ်လာဘီလီယံနှင့်ချီ၍ အကူအညီပေးခြင်းဖြင့် နယ်စပ်များကို ပိတ်စေပြီး ၂၀၁၅ ရွှေ့ပြောင်းဒုက္ခသည်ပြဿနာကို အဆုံးသတ်ခဲ့သည့် နည်းတူ ယခုစာချုပ်သစ်တွင် အီရန်အား ဒေါ်လာဘီလီယံနှင့်ချီ၍ ထောက်ပံ့မည့် စည်းကမ်းချက်များ ပါဝင်လိမ့်မည်ဟု သိရှိရသည်။

အီရန်နှင့် အီးယူအကြား ဆွေးနွေးမှုများ တာထွက်ကောင်းနေသော်လည်း လာမည့် သီတင်းပတ်များအတွင်း ဖြစ်ပျက်လာမည့် အခြေအနေများအပေါ်တွင် များစွာမူတည်နေသည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်က ယခင်အပတ်က ပြောကြားခဲ့သည်။

F-04