News

POST TYPE

LATEST NEWS POST

စမ်းချောင်းတွင် ကားပါကင်ထိုးရာက ဓားထိုးမှုဖြစ်
21-May-2018

ရန်ကုန်၊ မေ ၂၀ 

စမ်းချောင်းမြို့နယ် သံတံတားရပ်ကွက်၊ တရုတ်ကျောင်းလမ်းနှင့် သံတံတားလမ်းသွယ်ကွေ့တွင် မေလ ၁၉ ရက် ညနေ ၆ နာရီခန့်က ကားပါကင်ထိုးရာက စကားများရန်ဖြစ်ပြီး အမျိုးသားတစ်ဦး ဓားထိုးခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

အဆိုပါ ရပ်ကွက်တွင်နေ အသက် ၃၀ နှစ်ရှိ စိုးလင်းမြင့်သည် ယင်းနေ့က မိမိမောင်းနှင်သော အဖြူရောင် အငှားယာဉ်ကို နောက်ဆုတ်ပါကင်ထိုးရာ ကလေးချီ၍အမျိုးသမီးတစ်ဦး တိုက်မိမလိုဖြစ်ကာ နှစ်ဦးအပြန်အလှန် စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ၎င်းက အမျိုးသမီးကို ပါးရိုက်ရန် သုံးလေးကြိမ်ခန့် ဟန်ပြင်ခဲ့သည့်အပြင် ကားအတွင်းမှ ဝက်အူလှည့်ကို ထုတ်ယူပြီး ထိုးသတ်ရန် အထိပါ ဟန်ပြင်ခဲ့ကြောင်း စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်တန်းချက်အရ သိရသည်။

ထိုသို့ စကားများ ရန်ဖြစ်နေသဖြင့် အနီးအနားရှိ လူများက ဝိုင်းဆွဲဖြန်ဖြေခဲ့ရာ ရန်ပွဲပြီးသွားခဲ့ကြောင်း၊ ထိုသို့ ရန်ပွဲပြီးသွားပြီးနောက် အမျိုးသမီးပြန်သွားစဉ် အမျိုးသမီး၏ အလုပ်သမားဖြစ်သော အောင်မြင့်သူနှင့်ဖြိုးဇော်ဦးတို့ ရောက်လာပြီး အငှားယာဉ်မောင်း အမျိုးသားနှင့် ဆက်လက်အချင်းများခဲ့ရာ အောင်မြင့်သူမှာ ဓားထိုးခံခဲ့ရကြောင်း သိရသည်။

“တစ်ရပ်ကွက်တည်း သားတွေပါ။ တစ်ယောက်နဲ့တစ်ယောက် သိသာမသိကြတာ။ ဓားထိုးခံရတဲ့သူက သက်သာပါတယ်။ ရှပ်ထိထိုးမိတာ။ အငှားယာဉ်မောင်းသမားက ဒီနားမှာနေတာဆိုတော့ အိမ်မှာရှိတဲ့ ဓားကိုသွားယူပြီး ထိုးလိုက်တာ၊ ဓားက အရှည် ၁၀ လက်မလောက်ရှိတယ်။ ည ၈ နာရီခွဲလောက်မှာ ဖမ်းပြီး အရေးယူထားပါတယ်”ဟု စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ဓားထိုးခံရသူ အောင်မြင့်သူတွင် ကျောကုန်းထိုးသွင်း ဒဏ်ရာတစ်ချက် ရရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့တင် ပို့ကုသခဲ့ရသဖြင့် ပြစ်မှုကျူးလွန်သည်ဟုဆိုသော အငှားယာဉ်မောင်း စိုးလင်းမြင့်ကို ဥပဒေအရ အရေးယူပေးပါရန် အသက် ၃၁ နှစ်ရှိ အမျိုးသမီးက အမှုဖွင့်တိုင်တန်းသဖြင့် စမ်းချောင်းမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၂၆/၂၉၄ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။ 

J-16


  • VIA