News

POST TYPE

LATEST NEWS POST

လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေ အမြန်ပြဋ္ဌာန်းပေးရန် ကြံ့ခိုင်ရေးပါတီ တောင်းဆို
ပုသိမ်၊ မေ၂၀

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်ကိုယ်စားလှယ် အရည်အချင်း ပျက်ယွင်းပါက ကိုယ်စားလှယ်အဖြစ်မှ ပြန်လည် ရုပ်သိမ်းပိုင်ခွင့်ပါရှိသဖြင့် လက်ရှိအစိုးရအနေနှင့် ကိုယ်စားလှယ်အဖြစ်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ (Right to Recall)ကို အမြန်ပြဋ္ဌာန်းပေးရန် တောင်းဆိုကြောင်း ဧရာဝတီ တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးသက်လင်းက ပြောကြားသည်။

ပုသိမ်မြို့ရှိ တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် မေလ၂၀ ရက်က ပြုလုပ်သော ကြံ့ခိုင်ရေးပါတီ အပါအဝင် ပါတီ ၂၇ ခုမှ နိုင်ငံတော်သမ္မတထံ ဧပြီလတွင်းပေးပို့ခဲ့သော အိတ်ဖွင့်ပေးစာနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောခဲ့ခြင်းဖြစ်သည်။

မဲဆန္ဒရှင်ပြည်သူများကို ၎င်းတို့ ရွေးချယ်လိုက်သော လွှတ်တော်ကိုယ်စားလှယ်အချို့က နှုတ်ဖြင့်စော်ကားခြင်း၊ ကိုယ်ထိလက်ရောက် စော်ကားခြင်းများ ဖြစ်ပေါ်နေကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် အရည်အချင်း ပျက်ယွင်းသူ၊ အကျင့် စာရိတ္တပျက်ပြားသူ၊ ရမ်းကား မောက်မာသူ၊ ဥပဒေချိုးဖောက်သူ လွှတ်တော်ကိုယ်စား လှယ်များ ရှိသော်လည်း ယင်းလွှတ်တော် ကိုယ်စားလှယ်များကို ပြန်ရုပ်သိမ်းနိုင်သည့်ဥပဒေ ပြဋ္ဌာန်းထားခြင်း မရှိသေးသဖြင့် အမြန်ဆုံး ပြဋ္ဌာန်းနိုင်ရန် တောင်းဆိုရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“ဖွဲ့စည်းပုံဥပဒေ ပုဒ်မ-၃၉၇ ကို သူကပြောနေတာဖြစ်မယ်၊ ဒါပေမဲ့ ပုဒ်မ - ၃၉၆ (ခ)ကိုဖတ်ကြည့်ရင် အငြင်းပွားစရာတွေ ရှိနေတယ်၊ ဒါကြောင့် ကျွန်တော်တို့ အစိုးရလက်ထက်မှ မဟုတ်ဘူး၊ ဟိုအရင်(သူတို့)အစိုးရလက်ထက်မှာလည်း မပြဋ္ဌာန်းခဲ့ကြဘူး၊ ဒါပေမဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုင်ကြားမှုတွေ ရှိလာရင် ပါတီမူဝါဒနဲ့အညီ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ပေးနေပါတယ်”ဟု ဧရာဝတီတိုင်း NLD ပါတီမှ အလုပ်အမှုဆောင်တစ်ဦးက ပြောဆိုသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဧပြီလ ၂၉ ရက်က ကြံ့ခိုင်ရေးပါတီ အပါအဝင် ပါတီပေါင်း ၂၇ ပါတီမှ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ကြောင်း၊ ယနေ့တိုင် တစ်စုံတစ်ရာ ပြန်ကြားလာခြင်း၊ အရေးယူ ဆောင်ရွက်ပေးခြင်းမျိုး မရှိကြောင်း၊ အိတ်ဖွင့်ပေးစာကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အိတ်ဖွင့်ပေးစာတွင် ပါဝင်သော အချက်အလက်များအကြောင်းကို သတင်းစာရှင်းလင်းပွဲ လုပ်ရခြင်းဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီထံမှ သိရသည်။

R-11