News

POST TYPE

LATEST NEWS POST

မူဆယ်တိုက်ပွဲရှောင်သူ ၁၀ဝ နီးပါးကို တရုတ်ပြန်လွှဲ
20-May-2018

လားရှိုး၊ မေ ၂၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် တရုတ်နိုင်ငံဘက်သို့ တိမ်းရှောင်ခဲ့သူ မြန်မာနိုင်ငံသား ၁၀ဝ နီးပါးကို မေလ ၁၈ ရက်နေ့တွင် တရုတ်အစိုးရက ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း မူဆယ် လူဝင်မှုကြီးကြပ်ရေး ဌာနခွဲ ၇ ထံမှ သိရသည်။ 

ယင်းနေ့က တိုက်ပွဲရှောင်သူ ၉၆ ဦးအပြင် တရုတ်နိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေပြီး လွှတ်မြောက်လာသူ ၆၈ ဦးကိုလည်း တစ်ပါတည်း လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“တိုက်ပွဲတွေဖြစ်တော့ ရွှေလီဘက်ခြမ်းကို ပြေးကြသူတွေက မြန်မာပြည် ပြန်နိုင်အောင် အကူအညီပေးဖို့ ဖုန်းနဲ့ အကြောင်းကြားပြောတာနဲ့ ကျွန်မတို့က ရွှေလီရဲတပ်ဖွဲ့ကို အကူအညီ တောင်းခံလိုက်တာပါ”ဟု မူဆယ်မြို့ရှိ အကြင်နာနွေးထွေးလူမှုကူညီရေးအသင်းမှ ဒေါ်မိုးမိုးက ပြောဆိုသည်။

တရုတ်နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံနေရသူများနှင့် တိုက်ပွဲရှောင်သူများကို နှစ်နိုင်ငံချစ်ကြည်ရေးအရ ပြန်လည်လွှဲပြောင်းပေးရန် ပြောဆို ထားမှုများရှိပြီး မေလ ၁၈ ရက်နေ့ ညနေ၌ ၁၆၄ ဦး ပြန်လွှဲပေးခဲ့ကြောင်း၊ ထို့ပြင်ထပ်မံ ကျန်ရှိနေသူများရှိပါကလည်း ပြန်လည်လွှဲပေးဖို့ ပြောဆိုထားကြောင်း မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန်းက ပြောကြားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်းရှိ လုံခြုံရေး ဂိတ်စခန်းများနှင့် မြို့တွင်းရှိ နေအိမ်များသို့ မေလ ၁၂ ရက်နေ့ နံနက်အစောပိုင်းတွင် KIA/ TNLA အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ကြီး လက်နက်ငယ်များဖြင့် အကြမ်းဖက် ဝင်ရောက် တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ အပါအဝင် အရပ်သား ၂၁ ဦး သေဆုံးခဲ့ပြီး လူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

R-07