News

POST TYPE

LATEST NEWS POST

ဆောက်လုပ်ရေး ဓာတုပစ္စည်းထုတ်စက်ရုံ စတင်ဖွင့်လှစ်
ရန်ကုန်၊ မေ ၁၉

ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောက်လုပ်ရေး ဓာတုပစ္စည်းများ ထုတ်လုပ်မည့်စက်ရုံကို မေလ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ စက်မှုဇုန် (၁) တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း BASF ကုမ္ပဏီထံမှသိရသည်။

အဆိုပါ ထုတ်လုပ်ရေးစက်ရုံသစ်တွင် ထုတ်လုပ်ရေး အဆောက်အအုံများ၊ ပစ္စည်းသိုလှောင်ရုံများနှင့် အရည်အသွေးထိန်းသိမ်းမည့် ဓာတ်ခွဲခန်းများပါရှိပြီး BASF သည် Master Builders Solutions® အမှတ်တံဆိပ်အောက်တွင် ကွန်ကရစ်အားတိုး၊ အားဖြည့်ဆေးရည်များဖြစ်သည့် MasterEase®၊ MasterGlenium®၊ MasterRheobuild®၊ MasterPozzolith® နှင့် MasterKure® စသည့် ထုတ်ကုန်များကို ထုတ်လုပ်မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှသိရသည်။

“အရှေ့ဒဂုံမြို့နယ်မှာ စက်ရုံအသစ် ဆောက်လုပ်ခြင်းက ဈေးကွက်အသစ်ရဲ့ထုတ်လုပ်ရေးပိုင်းမှာ ခြေလှမ်းတစ်ရပ် ချဲ့ထွင်ဖို့အတွက် နောက်ထပ် မှတ်တိုင်တစ်ခုဖြစ်ပြီး တာရှည်ခံပြီး စွမ်းအင်ချွေတာတဲ့ ထုတ်ကုန်တွေကို မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းအတွက် ပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်”ဟု BASF ဦးဆောင်ညွှန်ကြားရေးမှူး Mr.Petrus Ng က ပြောကြားသည်။ 

ဆောက်လုပ်ရေးဓာတုပစ္စည်း ထုတ်စက်ရုံသည် ရန်ကုန်မြို့လယ်နှင့် ၂၅ ကီလိုမီတာခန့် ကွာဝေးသော်လည်း သီလဝါရေနက်ဆိပ်ကမ်း၊ ရန်ကုန်ဆိပ်ကမ်းနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့နှင့် နီးသောကြောင့် ကုန်ကြမ်းများရရှိသည့် အခါတွင်လည်းကောင်း၊ ဝယ်ယူသူများထံ ကုန်ချောဖြန့်ဖြူးပေးသည့် အခါတွင်လည်းကောင်း လွယ်ကူအဆင်ပြေကြောင်း BASF ကုမ္ပဏီထံမှသိရသည်။

BASF သည် ဂျာမနီအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး အရောင်းရုံးခွဲများနှင့် ထုတ်လုပ်ရေးနေရာများမှာ နိုင်ငံပေါင်း ၆၀ ကျော်တွင် တည်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှစကာ ကောက်ပဲသီးနှံ ကာကွယ်ရေး၊ ဆောက်လုပ်ရေးလုပ်ငန်း၊ သုတ်ဆေး၊ ထုတ်လုပ်ရေးလုပ်ငန်းသုံး ဓာတုပစ္စည်းများ၊ အိမ်သုံး၊ တစ်ကိုယ်ရေ သုံးအာဟာရနှင့် ကျန်းမာရေးပါဝင်ပစ္စည်းများကို ဖြန့်ဖြူးရောင်းချသူများမှတစ်ဆင့် ဝယ်ယူသူများထံ ဖြန့်ဖြူးပေးလျက်ရှိကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။ 

J-11