News

POST TYPE

LATEST NEWS POST

တက္ကဆက်အထက်တန်းကျောင်းတစ်ခုတွင် ကျောင်းသားတစ်ဦးက သေနတ်ဖြင့်ပစ်၊ လူ ၁၀ ဦးသေဆုံး
20-May-2018

တက္ကဆက်၊ မေ ၁၉

အမေရိကန်ပြည်ထောင်စု တက္ကဆက်မြို့ရှိ အထက်တန်းကျောင်းတစ်ခုတွင် ကျောင်းသားတစ်ယောက်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာလူ ၁၀ ဦးသေဆုံးပြီးအနည်းဆုံး ၁၀ ဦးခန့် ဒဏ်ရာရရှိသွားကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ 

သေနတ်သမားမှာ အဆိုပါ Santa Fe အမည်ရ အထက်တန်းကျောင်းမှ ကျောင်းသားတစ်ဦးဖြစ်သူ ဒီမစ်ထရီယိုပါ ဂိုတစ် (အသက် ၁၇ နှစ်)ဖြစ်ပြီး ၎င်းကို ရဲတပ်ဖွဲ့က လူသတ်မှုဖြင့် ဖမ်းဆီးထိန်းသိမ်း လိုက်ပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။ 

ဒီမစ်ထရီယိုပါဂိုတစ်သည် သူ၏ ဖခင်ထံမှ သေနတ်တို့တစ်လက်နှင့် ဆုံလည်သေနတ်တစ်လက်တို့ကို ယူဆောင်လာပြီး ယင်းအထက်တန်းကျောင်း၌ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ဖခင်ဖြစ်သူမှာ လိုင်စင်ဖြင့် တရားဝင်သေနတ်ကိုင်ဆောင်သူဖြစ်သည်။ 

သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသွားသူအများစုမှာ ကျောင်းသားများဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ တက္ကဆက် ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရစ်အဘော့က အဆိုပါအထက်တန်းကျောင်းတွင် ဖောက်ခွဲရေးပစ္စည်းမျိုးစုံကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ပြောကြားသည်။ 

ရဲတပ်ဖွဲ့သည် သေနတ်ဖြင့်ပစ်ခတ်ခဲ့သူ ဒီမစ်ထရီယိုပါဂိုတစ်၏ ဒိုင်ယာရီ၊ ကွန်ပျူတာနှင့် မိုဘိုင်းလ်ဖုန်းများထံမှ သတင်းအချက်အလက်များရရှိခဲ့ကြောင်း၊ ၎င်းသည် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ပြီး မိမိကိုယ်မိမိ အဆုံးစီရင်ပစ်ရန် စီစဉ်ထားကြောင်း သိရသည်။ 

တက္ကဆက်အုပ်ချုပ်ရေးမှူး ဂရစ်အာဘော့က အဆိုပါဆယ်ကျော်သက် သေနတ်သမားသည် မိမိကိုယ်ကိုယ် အဆုံးစီရင်ရန် သတ္တိမရှိတော့သောကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ခြင်းဖြစ်သည်ဟု ပြောကြားသည်။ 

ပြည်နယ်ရဲချုပ် ဂျက်ဖ်ပါဝဲလ်က သံသယရှိသောပစ္စည်းများ တွေ့ရှိပါက အကြောင်းကြားရန်နှင့် သတိဖြင့်နေထိုင်ကြရန် ပြည်သူများကိုတိုက်တွန်းသည်။ “သင်္ကာမကင်းတဲ့ ဘယ်ပစ္စည်းကိုမဆို မကိုင်ကြပါနဲ့” ဟု ၎င်းက ဆိုသည်။ 

ဒီမစ်ထရီယိုပါဂိုတစ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားသူများထဲတွင် ရဲအရာရှိ ဂျွန်ဘားန်ဆိုသူလည်း ပါဝင်ပြီး ၎င်း၏ အခြေအနေမှာစိုးရိမ်ရပြီး ခွဲစိတ်ကုသမှုလည်း ခံယူခဲ့ရသည်ဟု တက္ကဆက်ပြည်နယ်မီဒီယာများကဆိုသည်။

F-01