News

POST TYPE

LATEST NEWS POST

ငွေကြေးဖောင်းပွမှုကျဆင်းဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာ ဖော်ပြ
ရန်ကုန်၊ မေ ၁၇

မြန်မာနိုင်ငံသည် ငွေကြေးဖောင်းပွမှု ကျဆင်းလာပြီး နိုင်ငံ၏ စီးပွားရေးမှာလည်း တိုးတက်လာကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။

မြန်မာ့စီးပွားရေးသည် ၂၀၁၆-၁၇ ခုနှစ်တွင် အနည်းငယ် နှေးကွေးခဲ့ပြီး ၂၀၁၇-၁၈ တွင် ပြည်တွင်း ပြည်ပ မရေရာ မသေချာသည့် အခြေအနေများအကြားတွင် အကောင်းဘက်၌ ရှိနေဆဲဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

ပြည်တွင်းအသားတင် ထုတ်လုပ်မှု တန်ဖိုး ဖွံ့ဖြိုးမှုနှုန်းသည် ၂၀၁၆-၁၇ တွင် ၅ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၇-၁၈ တွင် ၆ ဒသမ ၄ ရာခိုင်နှုန်းသို့ တက်လာခဲ့ကြောင်း၊ ယင်းသို့ တိုးတက်လာရခြင်းမှာ စိုက်ပျိုးရေးကဏ္ဍ ကောက်ပဲသီးနှံထုတ်လုပ်မှု အခြေအနေ ပြန်လည် ကောင်းမွန်လာခြင်း၊ ကုန်ထုတ်လုပ်ငန်းများ အားကောင်းခြင်းနှင့် ဝန်ဆောင်မှုကဏ္ဍ တည်ငြိမ်လာခြင်းတို့ကြောင့်ဖြစ်ကြောင်း ယင်းအစီရင်ခံစာအရ သိရသည်။

ယင်းအပြင် ပြည်ပပို့ကုန်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အားကောင်းလာခဲ့ခြင်းကြောင့် မြန်မာကျပ်ငွေ တန်ဖိုးလည်း အနည်းငယ် ခိုင်မာလာကြောင်း အဆိုပါ အစီရင်ခံစာအရ သိရသည်။

“ဟိုတယ်နဲ့ ခရီးသွားကဏ္ဍဘက်မှာတော့ နှောင့်နှေးမှုတွေ ရှိနေတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုက ကာလလတ် အနေအထားမှာ အပြုသဘောဆောင်နေတဲ့ အခြေအနေပါ”ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Ms.Ellen Goldstein က ပြောကြားသည်။

အစိုးရကဏ္ဍ သုံးစွဲမှုများနှင့် ပုဂ္ဂလိကကဏ္ဍ စီးပွားရေးလုပ်ငန်းများအား တည်ငြိမ်သည့် မက်ခရိုစီးပွားရေး အခြေအနေ၊ အားကောင်းခိုင်မာသော မူဝါဒများဖြင့် အားပေးထောက်ကူပေးရန်နှင့် လျှပ်စစ် ဓာတ်အားခ နှုန်းထားများအား သင့်လျော်စွာ ပြင်ဆင်ခြင်းများအပြင် ငွေရေးကြေးရေး လုပ်ငန်းများအတွက် လုံခြုံစိတ်ချရသည့် ဝန်းကျင်ကောင်း ဖန်တီးပေးခြင်းတို့က အန္တရာယ်များကြား အကောင်းဘက်သို့ ဦးတည်နေသည့် စီးပွားရေးဖွံ့ဖြိုးမှု အရှိန်ကို ထိန်းထားနိုင်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ဦးဆောင်ဘောဂဗေဒပညာရှင် ဟန်စ်အာန်န်ဘက်စ်က ပြောကြားကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

၂၀၁၈-၁၉ ခုနှစ်တွင် နိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ၆ ဒသမ ၇ ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဖြစ်ပြီး ငွေကြေး ဖောင်းပွနှုန်းသည်လည်း ၄ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

“သူတို့ကတော့ ခန့်မှန်းထားတာပေါ့။ တကယ်ကျ မကျက စောင့်ကြည့်ဖို့ လိုသေးတယ်။ ငွေကြေး ဖောင်းပွမှုကျဖို့က ပြည်တွင်း ထုတ်လုပ်မှုတွေ ပိုပြီး အားကောင်းလာဖို့လိုတယ်”ဟု ပြည်တွင်းဘဏ်လုပ်ငန်း ကျွမ်းကျင်သူတစ်ဦးက ထောက်ပြပြောဆိုသည်။

J-01