News

POST TYPE

LATEST NEWS POST

သံမဏိနှင်းဆီဂျာနယ်မှ အယ်ဒီတာ အသတ်ခံရမှုတွင် ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိဟု တရားစွဲဆိုခံရသူတစ်ဦးက ထွက်ဆို
17-May-2018

ရန်ကုန်၊ မေ ၁၇

သံမဏိနှင်းဆီ ဂျာနယ်တွင် အယ်ဒီတာဖြစ်သူ ကိုဝေယံဟိန်း အသတ်ခံရမှုနှင့်ပတ်သက်ပြီး ၎င်းမှာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိကြောင်း သေဒဏ်အမိန့်ချမှတ် ခံရနိုင်သည့် စွဲချက်တင်ပုဒ်မဖြင့် တရားစွဲဆို အစစ်ဆေး ခံနေရသော ဘုရားပွဲ (ခ) ပြည့်သူနိုင်က ရုံးတော်ရှေ့တွင် ထွက်ဆိုခဲ့ကြောင်း အရှေ့ပိုင်းခရိုင် တရားရုံးထံမှ သိရသည်။

ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) (ခ) ဖြင့် စွဲချက်တင် စစ်ဆေးခံနေရသော ဘုရားပွဲ (ခ) ပြည့်သူနိုင်မှာ မေလ ၁၇ ရက် ရုံးချိန်းတွင် အယ်ဒီတာဖြစ်သူ အသတ်ခံရမှုကို ၎င်းမသိရှိကြောင်းနှင့် အဆိုပါအမှုကို မကျူးလွန်ခဲ့ကြောင်း၊ ယင်းအမှုနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာကိုမှ မသိရှိကြောင်း အရှေ့ပိုင်းခရိုင်တရားရုံး၊ ခရိုင်တရားသူကြီး (၉) တရားခွင်တွင် တရားသူကြီးထံ ၎င်းက လျှောက်ထားတင်ပြခဲ့သည်။

“ဒီနေ့ ရုံးချိန်းမှာ ပြန်ခေါ်သက်သေအဖြစ် တရားလိုပြသက်သေ ဒုရဲမှူး ယဉ်ထွေးကို စစ်ဆေးခဲ့တယ်။ လာမယ့်ရုံးချိန်းကျ တရားစွဲဆိုခံရသူ အောင်ကိုကို ကို သီးခြား တင်ပြစစ်ဆေးသွားမယ်လို့ သိရတယ်။ ဘုရားပွဲ (ခ) ပြည့်သူနိုင်ကတော့ တရားခွင်မှာ သေဆုံးသူကို မသိကြောင်း၊ သတ်လည်း မသတ်ခဲ့ကြောင်း၊ အမှုနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာမှ မသိရှိကြောင်း တရားသူကြီးထံ လျှောက်ထားတင်ပြခဲ့တယ်”ဟု တရားစွဲဆိုခံထားရသူများဘက်မှ အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေတစ်ဦးက ပြောသည်။

အဆိုပါ အမှုမှာ ၂၀၁၇ ခုနှစ် ဧပြီလ ၁၆ ရက်နေ့က ပုဇွန်တောင်မြို့နယ်ရှိ သံမဏိနှင်းဆီ ဂျာနယ်တိုက် ရုံးခန်းအတွင်းမှ အပုပ်နံ့များ ထွက်နေကြောင်း ပတ်ဝန်းကျင်မှ နေထိုင်သူများက သက်ဆိုင်ရာထံ အသိပေး အကြောင်းကြားသဖြင့် ရုံးခန်းအတွင်း ဝင်ရောက်စစ်ဆေးခဲ့ရာ အယ်ဒီတာဖြစ်သူ ကိုဝေယံဟိန်းမှာ ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာ ၁၅ ချက်ဖြင့် သေဆုံးနေသည်။

ယင်းအမှုကို ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းခဲ့ရာ သေဆုံးသူနှင့် မအယ်နီ (ခ) ရိုစီမှာ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှတစ်ဆင့် ချစ်ကြိုက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး လူသတ်မှုကို မအယ်နီ(ခ) ရိုစီ၏ ခင်ပွန်းဖြစ်သူ အောင်ကိုကိုနှင့် ဘုရားပွဲ (ခ) ပြည့်သူနိုင်တို့က ကျူးလွန်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

ဖမ်းမိသူသုံးဦးကို ၂၀၁၇ ခုနှစ် မေလ ၁၈ ရက်နေ့က အရှေ့ပိုင်းခရိုင်တရားရုံးတွင် စတင် တရားစွဲဆိုစစ်ဆေးခဲ့ပြီး အောင်ကိုကိုနှင့် ဘုရားပွဲ (ခ) ပြည့်သူနိုင်တို့နှစ်ဦးကို သေဒဏ်အမိန့် ချမှတ်နိုင်သည့် ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁)(ခ) ဖြင့် စွဲချက်တင် စစ်ဆေးရန် အမိန့်ချမှတ်ကာ မအယ်နီ (ခ) ရိုစီကို ပုဒ်မ ၂၀၂ ဖြင့် စွဲချက်တင် စစ်ဆေးရန် အမိန့်ချမှတ်ထားကြောင်း အရှေ့ပိုင်းခရိုင်တရားရုံးထံမှ သိရသည်။

S-03