News

POST TYPE

LATEST NEWS POST

စစ်ရေးလေ့ကျင့်မှုများကြောင့် တောင်ကိုရီးယားနှင့်ပြုလုပ်နေသည့် ဆွေးနွေးပွဲများကိုမြောက်ကိုရီးယား ရပ်ဆိုင်း၊ ထရမ့်နှင့် စင်ကာပူထိပ်သီးဆွေးနွေးပွဲကိစ္စ ပြန်စဉ်းစားမည်ဟုဆို


ဆိုးလ်၊ မေ ၁၆

တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြန်လည်စတင်ခြင်းသည် ရန်စပြုမူမှု တစ်ရပ်ဖြစ်သည့်အတွက် တောင်ကိုရီးယားပြုလုပ်မည့် အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲကို ပြုံယမ်းကွန်မြူနစ်အစိုးရက ရပ်ဆိုင်းပစ်လိုက်သလိုအကယ်၍ တစ်ဖက်သတ်ပုံစံမျိုး ဖြစ်နေမည်ဆိုပါက လာမည့် ဇွန်လ ၁၂ ရက်နေ့ စင်ကာပူနိုင်ငံတွင် အမေရိကန်သမ္မတနှင့် ကင်ဂျုံအန်းတို့ ပြုလုပ်မည့် ဆွေးနွေးပွဲကိစ္စကိုလည်း ပြန်လည်စဉ်းစားရမည်ဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံက သတိပေးပြောဆိုလိုက်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ 

မေလ ၁၅ ရက်နေ့က အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ရာ မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနှင့် စေ့စပ်ညှိနှိုင်းမှုများအားလုံးကို ရပ်ဆိုင်းပစ်ကြောင်း ကြေညာသည်။ 

မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကင်ကျီဂွမ်က အကယ်၍ နျူကလီးယားလက်နက်ကိစ္စနှင့်ပတ်သက်၍ တစ်ဖက်သတ်ပုံမျိုး ဖြစ်နေမည်ဆိုပါက စင်ကာပူတွင် အမေရိကန်ပြည်ထောင်စု သမ္မတနှင့်ပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲသို့ ခေါင်းဆောင်ကင်ဂျုံအန်း တက်ရောက်မည့်ကိစ္စကို မြောက်ကိုရီးယားနိုင်ငံဘက်က ပြန်လည်အလေးအနက်ထား စဉ်းစားမည်ဖြစ်သည်ဟု ပြောကြားသည်။ 

အမေရိကန်သမ္မတထရမ့်နှင့် ကင်ဂျုံအန်းတို့သည် လာမည့် ဇွန်လ ၁၂ ရက်နေ့တွင် စင်ကာပူနိုင်ငံ၌ တွေ့ဆုံပြီးကိုရီးယား ကျွန်းဆွယ်ဒေသ နျူကလီးယားဖျက်သိမ်းရေးကိစ္စကို ဆွေးနွေးရန် စီစဉ်ထားသည်။ 

“အကယ်၍ အမေရိကန်ပြည်ထောင်စုက တစ်ဖက်သတ် နျူကလီးယား သဘောတူညီချက်ရရန်အလို့ငှာ ကျွန်ုပ်တို့ကို ဖိအားပေးနိုင်ဖို့ ချောင်ပိတ်မိအောင်လုပ်မယ်ဆိုရင် အဲဒီလိုဒိုင်ယာလော့ခ်မျိုးကို ကျွန်တော်တို့ စိတ်ဝင်စားမှာမဟုတ်ပါဘူး”ဟု ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကင်ကျီဂွမ်ကပြောကြားသည်။ “အမေရိကန်နဲ့ DPRK နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ ကိစ္စကိုလည်း ပြန်လည်စဉ်းစားရလိမ့်မယ်”ဟု ဆက်လက်ပြောကြားသည်။ 

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အမေရိကန်သမ္မတထရမ့်၏ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျွန်ဘိုလ်တန်က မြောက်ကိုရီးယားအနေနှင့် နျူကလီးယားလက်နက်များ စွန့်လွှတ်မည့်ကိစ္စအတွက် သဘောတူညီမှုရယူရာတွင် တစ်ချိန်ကလစ်ဗျားနိုင်ငံ ဖျက်အားပြင်းလက်နက်များ ဖျက်သိမ်းသည့်ပုံစံမျိုးအတိုင်း ဖြစ်သင့်သည်ဟု ပြောဆိုခဲ့သည်။ 

အဆိုပါမှတ်ချက်နှင့်ပတ်သက်၍ ကင်ကျီဂွမ်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ တောင်-မြောက်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့ ဆက်ဆံရေးမှာ အလွန်အမင်းဆိုးရွားရာမှ ပြန်လည်နွေးထွေးခဲ့သော်လည်း ယခုလို စစ်ရေးလေ့ကျင့်မှုမှစတင်ကာ ပြဿနာတက်မည့် အခြေအနေသို့ ရောက်လာခြင်းအပေါ် လေ့လာစောင့်ကြည့်သူများက စိုးရိမ်နေသည်။ 

ကင်ကျီဂွမ်က ကြေညာချက်ထုတ်ပြန်ရာတွင် မြောက်ကိုရီးယားသည် အမေရိကန်ပြည်ထောင်စုနှင့်ပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲအတွက် မျှော်လင့်ချက်ကြီးမားစွာ ထားရှိခဲ့ကြောင်း၊ သို့သော် အမေရိကန်က ထိပ်သီးဆွေးနွေးပွဲမတိုင်မီ မိမိတို့ကို ရန်စပြုမူသည့် စကားမျိုးဖြင့် စော်ကားနေသည်မှာ အလွန်ကံအကြောင်းမလှသည့် ကိစ္စပင်ဖြစ်ကြောင်း ပြောကြားသည်။ 

“ဂုဏ်ကျက်သရေရှိသော ကျွန်ုပ်တို့၏ နိုင်ငံတော်ကို လစ်ဗျားသို့မဟုတ် အီရတ်တို့ကဲ့သို့သော နိုင်ငံများကဲ့သို့သော ပုံစံမျိုးဖြစ်အောင် ပြောဆိုခြင်းသည် လွန်စွာဆိုးရွားလွန်းသည်။ အမေရိကန်ပြည်ထောင်စု၏ ရိုးစင်းမှုနှင့်ပတ်သက်၍လည်း ကြီးစွာသော သံသယဖြစ်မိသည်”ဟု ကင်ကျီဂွမ်က ကြေညာချက်တွင်ဖော်ပြသည်။ 

F-01