News

POST TYPE

LATEST NEWS POST

မြေအငြင်းပွားမှု၌ ရဲအင်အားသုံး ဖြေရှင်းမှုကို နိုင်ငံတော်သမ္မတနှင့် ပြည်ထဲရေးဝန်ကြီးဌာနထံ တင်ပြမည်
17-May-2018

ရန်ကုန်၊ မေ ၁၆

သီလဝါဆိပ်ကမ်းရှိ ဦးပိုင်ကုမ္ပဏီအောက်ရှိ ပင်လယ်ရေကြောင်းလန်းပီကုမ္ပဏီနှင့် ဒေသခံများ၏ မြေအငြင်းပွားမှု၌ ရဲတပ်ဖွဲ့ ၁၅၀ ခန့်ဖြင့် အင်အားသုံး၍ ဖြေရှင်းမှုအပေါ် နိုင်ငံတော်သမ္မတနှင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ ဥပဒေနှင့်အညီ တင်ပြသွားမည်ဖြစ်ကြောင်း ဒေသခံ လယ်သမားအများစုက ပြောကြားသည်။

“အင်အားသုံး အကြမ်းဖက်ဖြေရှင်းတယ်။ ကျွန်တော် ကျူးကျော်တွေ မဟုတ်ဘူး။ ဒေသခံအစစ်တွေပါ။ ဝန်ကြီးချုပ်ကိုယ်တိုင် ခေါ်တွေ့ပေမယ့် ဒီကိစ္စကို ထည့်မပြောဘူး။ အခုထိ ဒဏ်ရာရလို့ ဒေသခံနှစ်ယောက် ဆေးရုံက မဆင်းရသေးဘူး။ နိုင်ငံတော်သမ္မတနဲ့ ဝန်ကြီးဌာနတွေကို တင်ပြသွားမယ်”ဟု ဒေသခံ လယ်သမားတစ်ဦးဖြစ်သူ ဦးသန်းဝင်းက ဆိုသည်။

သီလဝါဆိပ်ကမ်းရှိ မြေအငြင်းပွားမှု၌ ဒေသခံများအပေါ် ဥပဒေဘောင်ကျော်ကာ အင်အားသုံးအကြမ်းဖက်ခံနေရခြင်းကြောင့် ဒေသခံများ အားကိုးရာမဲ့နေကြောင်း မေလ ၁၆ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ Orchid Hotel ၌ သတင်း စာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“အဲ့ဒီနေ့က ကျိန်းသေ တကယ် အကြမ်းဖက်ခံရတယ်လို့ ရင်ထဲက နှစ်နှစ်ကာကာ ခံစားရတယ်။ အဓိကတော့ ရော်ဘာကျည်နဲ့ ပစ်လောက်တဲ့အထိ အခြေအနေမဟုတ်ဘူး။ ကျွန်တော်ဆို နံပါတ်တုတ်နဲ့ ရိုက်ခံရတယ်။ ဝိုင်းထိုးခံရလို့ ဒဏ်ရာရတယ်။ ရဲစခန်းအချုပ်မှာ တစ်ညအိပ်လိုက်ပြီးမှ အာမခံနဲ့ လွတ်လာတယ်”ဟု ယင်းဖြစ်စဉ်တွင်ပါဝင်ခဲ့သူ ကိုဖြိုးဇော်က ရှင်းပြသည်။

ကျောက်တန်းမြို့နယ်၊ သီလဝါဆိပ်ကမ်းအနီးရှိ မြေဧက ၁၀၀ ခန့်ကို ဦးပိုင်ကုမ္ပဏီက မြေယာလျော်ကြေးမပေးဘဲ အင်အားသုံး ဖယ်ရှားခိုင်းခြင်းကြောင့် ဒေသခံများနှင့် ကုမ္ပဏီဝန်ထမ်းများ ထိပ်တိုက်တွေ့ဆုံကာ မေလ ၁၂ ရက်က ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် သီးနှံခွန်ပြေစာ၊ မြေခွန်ပြေစာ၊ စိုက်ပျိုးမြေခွန်ပြေစာ အထောက်အထားများကို ခရိုင်အဆင့် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီထံ မေလ ၁၅ ရက်က ပေးပို့ထားပြီဖြစ်ကြောင်း ဒေသခံ လယ်သမားများက ဆိုသည်။

ယင်းနေရာတွင် လက်ရှိမြေယာ ပေါက်ဈေးအရ တစ်ဧကလျှင် ပေါက်ဈေး သိန်း ၂၅၀ ခန့်ရှိပြီး ဦးပိုင်ကုမ္ပဏီအနေနှင့် တောင်သူများကို ဥပဒေကြောင်းအရ နစ်နာကြေးပေးချေလိုခြင်း မရှိခြင်းကြောင့် ယခုကဲ့သို့ အင်အားသုံး သိမ်းယူသည်ဟု မှတ်ယူကြောင်း ဒေသခံလယ်သမားများက ဆိုသည်။

ယင်းအကြောင်းအရာနှင့်ပတ်သက်၍ သီလဝါရဲစခန်းသို့ ဆက်သွယ်မေးမြန်းသော်လည်း သက်ဆိုင်ရာ တိုင်းရဲတပ်ဖွဲ့ကို မေးမြန်းရန် ပြန်လည်ဖြေကြားခဲ့သည်။

“လိုအပ်လာရင် ပင်လယ်ရေကြောင်း လန်းပီကုမ္ပဏီကို ဥပဒေနဲ့အညီ တရားစွဲမယ်။ ဒါလည်း ကျွမ်းကျင်ဥပဒေ ပညာရှင်တွေနဲ့ တိုင်ပင်နေတုန်းပါပဲ”ဟု လယ်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးသန်းဝင်းက ထပ်မံဆိုသည်။

အဆိုပါဖြစ်စဉ်တွင် ရဲတပ်ဖွဲ့နှင့်ဒေသခံများ ရုန်းရင်းဆန်ခတ်ဖြစ်ရာမှ ရဲတပ်ဖွဲ့က ရော်ဘာကျည်ဆန်ဖြင့် ပစ်ခံရခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ နှစ်ဦးမှာ သန်လျင်ပြည်သူ့ဆေးရုံတွင် ဆေးဝါး ကုသနေရဆဲဖြစ်သည်။

ထို့အပြင် ယင်းဖြစ်စဉ်အတွင်း ပါဝင်သူ တောင်သူသုံးဦးကို သီလဝါရဲစခန်းတွင် ပြည်သူ့ဝန်ထမ်းအား တာဝန်ဝတ္တရား ဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိအလို အလျောက်နာကျင်စေမှု ပုဒ်မ ၃၃၂ ဖြင့် အမှုဖွင့်ခံရသော်လည်း ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး၏ အာမခံဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။ 

J-17

  • VIA