News

POST TYPE

LATEST NEWS POST

တရုတ်ခရီးသည်တင် လေယာဉ်တစ်စင်း မောင်းနှင်စဉ် ရှေ့လေကာမှန်ကွဲထွက်၊ တွဲဖက် လေယာဉ်မှူး ထွက်ကျမလိုဖြစ်ပြီးနောက် အရေးပေါ်ဆင်းသက်
16-May-2018


ဘေဂျင်း၊ မေ ၁၆

တရုတ်နိုင်ငံ လူမှုကွန်ရက် မီဒီယာများပေါ်တွင် လေယာဉ်ရှေ့လေကာမှန် ကွဲထွက်သွားပြီး ခန္ဓာကိုယ်ဝက်ခန့်အပြင်သို့ ထွက်သွားသော လက်ထောက်လေယာဉ်မှူးကို ပြန်လည် ဆွဲယူပြီးနောက် လေယာဉ်ကို အန္တရာယ်ကင်းရှင်းစွာ ဆင်းသက်ပေး နိုင်ခဲ့သောလေယာဉ်မှူးအား သူရဲကောင်းတစ်ဦးအဖြစ် လူမှုကွန်ရက်သုံးသူများနှင့် တရုတ်ပြည်သူများက ချီးမွမ်းပြောဆိုလျက်ရှိကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။

တရုတ်နိုင်ငံ စီချွမ်လေကြောင်းလိုင်းမှ အဲဘတ်စ် A-319 အမျိုးအစားခရီးသည်တင် လေယာဉ်သည် ချုံကင်းမှ တိဘက်ပြည် လာဆာမြို့သို့ တစ်နာရီလျှင် မိုင် ၅၆၀ နှုန်းဖြင့် ပျံသန်းနေစဉ် ယင်းဖြစ်ရပ်နှင့် တွေ့ကြုံခဲ့ရခြင်းဖြစ်သည်။

လေယာဉ်ပျံသန်းစဉ် ရှေ့လေကာ မှန်ကြီးမှာ ရုတ်တရက် ကွဲထွက်သွားပြီး တွဲဖက် လေယာဉ်မှူးမှာ ခန္ဓာကိုယ်တစ်ဝက်ခန့် အပြင်ထွက်သွားသည်။ သို့သော် ကံကောင်းထောက်မစွာပင် တွဲဖက်လေယာဉ်မှူး၏ ထိုင်ခုံခါးပတ်ကြိုးက ၎င်းကိုချီနှောင်ထားသလိုဖြစ်ခဲ့၍ အပြင်သို့ ထွက်မသွားခဲ့ပေ။

“ကျွန်တော်ကြည့်လိုက်တော့ လေကာမှန်ကြီး ဝုန်းခနဲဆို ကွဲထွက်သွားတယ်၊ အသံကလည်း အကျယ်ကြီးပဲ။ တွဲဖက် လေယာဉ်မှူးလည်း ကိုယ်တစ်ဝက်က အပြင်ရောက်သွားတယ်။ ဒါပေမဲ့ကံကောင်းတာက ထိုင်ခုံခါးပတ်က သူ့ကိုပြန်ချည်ထားသလိုဖြစ်နေတာ”ဟု ယင်းအဲယားဘတ်စ်လေယာဉ်၏ လေယာဉ်မှူး လောင်ချွန်ဂျန်က တရုတ်သတင်းစာ Chengdu Business Daily သို့ ပြောကြားသည်။

ယင်းဖြစ်ရပ်သည် ခရီးစဉ်တစ်ဝက်ခန့်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ “လေယာဉ်မောင်းခန်းထဲမှာ ရှိသမျှအရာတွေ အားလုံး လေထဲမှာ ဝဲပျံကုန်တယ်။ ပစ္စည်းကိရိယာတွေ အတော်များများ ပျက်စီးကုန်တယ်၊ ရေဒီယိုသံကိုလည်း ကျွန်တော် မကြားရတော့ဘူး။ လေယာဉ်က ခပ်ကြမ်းကြမ်းကြီး ခါယမ်းနေတော့ မီတာခွက်တွေကိုလည်း ကောင်းကောင်းဖတ်လို့ မရနိုင်တော့ဘူး”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

သို့သော် လေယာဉ်မှူး လောင်ချွန်ဂျန်အနေနှင့် လေကာမှန် ကွဲထွက်ပြီးနောက် မိနစ် ၂၀ ခန့်အကြာတွင် လေယာဉ်ကို အနောက်တောင်အရပ်ရှိ ချန်ဒူမြို့လေဆိပ်သို့ အရေးပေါ် ဆင်းသက်ပေးနိုင်ခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် တွဲဖက်လေယာဉ်မှူးမှာ ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သလို လက်ကောက်ဝတ် အဆစ်လွဲသွားခဲ့သည်။ 

တရုတ်လူမှုကွန်ရက် Weibo တွင် အဆိုပါလေယာဉ်မှူး လောင်ချွန်ဂျန်၏ စွမ်းဆောင်ချက်နှင့်ပတ်သက်၍ ရေးသားဖော်ပြထားသောပို့စ်ကို လူမှုကွန်ရက်သုံးသူ သန်း ၁၆၉ ခန့်က ဝင်ရောက်ကြည့်ရှု သို့မဟုတ် ဝင်ရောက်ဆွေးနွေးခဲ့ကြသည်။ ယင်းလေယာဉ်မှူးနှင့်ပတ်သက်၍ လူအများ ဆွေးနွေးကြသည့်ခေါင်းစဉ်အမည်မှာ “ငါ့ရဲ့ သူရဲကောင်း လေယာဉ်မှူးကြီး”ဟူ၍ဖြစ်သည်။

F-01