News

POST TYPE

LATEST NEWS POST

တက္ကသိုလ်ဆရာ၊ ဆရာမများကို ဝတ်စုံအခမဲ့ပေးမည်
16-May-2018

ရန်ကုန်၊ မေ ၁၆ 

အဆင့်မြင့်ပညာ ဦးစီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ဆရာ၊ ဆရာမများကို ယခုနှစ်မှစ၍ ဝတ်စုံတစ်စုံစီ အခမဲ့ပေးမည်ဖြစ်ကြောင်း ယင်းဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက The Voice သို့ ပြောကြားသည်။

ယင်းဌာနအောက်ရှိ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် ပညာရေးကောလိပ်များမှ သင်ကြားရေး ဆရာ၊ ဆရာမများ ဝတ်စုံတစ်စုံစီ အခမဲ့ရရှိမည်ဖြစ်ပြီး ယင်းဌာနအောက်တွင် ဆရာ၊ ဆရာမ ဦးရေ နှစ်သောင်းကျော်ရှိကြောင်း ယင်းဌာနထံမှ သိရှိရသည်။

“ဆရာတွေအတွက်ရော၊ ဆရာမတွေအတွက်ရော ဝတ်စုံတစ်စုံကို ကျပ်တစ်သောင်းနှုန်း တန်ဖိုးဖြတ်ပြီး အမှတ်(၁) အကြီးစား စက်မှုလုပ်ငန်းနဲ့ချိတ်ပြီး ထုတ်ပေးတာပါ။ ဘတ်ဂျက်ကတော့ အခြေခံပညာက ဘတ်ဂျက်နဲ့ လုပ်ဆောင်ပေးတာပါ”ဟု ဒေါက်တာသိန်းဝင်းက ပြောကြားသည်။

ရတနာပုံတက္ကသိုလ် အင်္ဂလိပ်စာဌာန ကထိက ဦးသုတက “အရင်ကတော့ ခုလိုတစ်ခါမှ ပေးခဲ့ဖူးတဲ့ထုံးစံ မရှိပါဘူး။ အခု အစိုးရသစ်လက်ထက်မှ ပေးတယ်ထင်ပါတယ်။ အခု ကျွန်တော်တို့ ဝယ်ဝတ်တာပါ”ဟု ပြောကြားသည်။

ယင်းဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက ဝတ်စုံ တစ်စုံစီ အခမဲ့ပေးခြင်းသည် ဆရာ၊ ဆရာမများအတွက်သာဖြစ်ပြီး ကျန်သည့် စီမံဌာနအသီးသီးမှ ဝန်ထမ်းများ အကျုံးမဝင်ကြောင်း၊ အခြေခံပညာ ဆရာ၊ ဆရာမများကို ဝတ်စုံတစ်စုံစီအခမဲ့ပေးသည့် အတွက် တက္ကသိုလ်ဆရာ၊ ဆရာမများကို လည်း ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ရှင်းပြသည်။

“ဒီနှစ်မှာ ပညာရေးဝန်ကြီး (ဒေါက်တာမျိုးသိမ်းကြီး) က ဝတ်စုံစရိတ် ထောက်ပံ့ဆိုပြီး ညွှန်ကြားပါတယ်။ ဒါကြောင့် အခုလို ထောက်ပံ့ပေးတာပါ။ (တက္ကသိုလ်အလိုက်) အကြောင်းကြားစာ၊ ညွှန်ကြားချက်ရတာနဲ့ ဝတ်စုံထုတ်ယူလို့ရပါပြီ”ဟု ဒေါက်တာအောင်အောင်မင်းက ပြောကြားသည်။

တက္ကသိုလ် ဆရာ၊ ဆရာမများကို ထောက်ပံ့ပေးမည့် ဝတ်စုံများကို စက်မှု (၁) ထံ မှာယူချုပ်လုပ်ထားခြင်းဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးတွင် အဆင့်မြင့်ပညာ ဦးစီးဌာနလက်အောက်၌ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်း ၁၃၃ ကျောင်းရှိကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနထံမှ သိရှိရသည်။

အခြေခံပညာမှ ဆရာ၊ ဆရာမများကိုလည်း ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် အောက်တိုဘာလမှစ၍ ဝတ်စုံတစ်စုံလျှင် တစ်သောင်းနှုန်း တန်ဖိုးဖြတ်၍ အခမဲ့ ထောက်ပံ့ပေးခဲ့သည်။ သို့သော် နောက်ပိုင်းတွင် အင်္ကျီအရွယ်အစား ကွာခြားမှုရှိသောကြောင့် အင်္ကျီအစား ကျပ် ၅,၀၀၀ ကို ဆရာ၊ ဆရာမများထံ ငွေသားဖြင့် ထောက်ပံ့ခဲ့သည်။

J-19