News

POST TYPE

LATEST NEWS POST

တိုင်းရင်းသား လက်နက်ကိုင် အားလုံးပါဝင်သည့် ထိပ်သီးညီလာခံ ၂၁ ပင်လုံအပြီးတွင်လုပ်မည်
16-May-2018

ရန်ကုန်၊ မေ ၁၆

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးပါဝင်သည့် ထိပ်သီးညီလာခံတစ်ရပ်ကို လာမည့် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပပြီးစီးသည့်အချိန်တွင် ပြုလုပ်ရန်စီစဉ်ထားကြောင်း အဆိုပါ လက်နက်ကိုင်အဖွဲ့များထံမှ သိရသည်။

ယင်းသို့ တိုင်းရင်းသား လက်နက်ကိုင် အားလုံး ပါဝင်သည့် ထိပ်သီးညီလာခံတစ်ရပ် ခေါ်ယူရေးကို ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သော NCA လက်မှတ်ထိုးအဖွဲ့များ ပါဝင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးအပြီးတွင် ဆုံးဖြတ်လိုက် ခြင်းဖြစ်ကြောင်း အဆိုပါ လက်နက်ကိုင် အဖွဲ့များထံမှ သိရသည်။

NCA လက်မှတ်ထိုး လက်နက်ကိုင်များ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံညီလာခံကို ယခု လကုန် (မေလကုန်ပိုင်း) တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်ပြီး အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အားလုံး ပါဝင်မည့် ထိပ်သီးညီလာခံကို ၂၁ ပင်လုံ ညီလာခံအပြီး ဇွန်လကုန်ပိုင်း သို့မဟုတ် ဇူလိုင်လအတွင်း ပြုလုပ်ရန် ရည်မှန်းထားကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောဆိုသည်။

အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးပါဝင်မည့် ထိပ်သီး ညီလာခံတွင် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်နေသည့် မြောက်ပိုင်း အဖွဲ့များကိုလည်း တက်ရောက်နိုင်ရန် ရည်မှန်းထားပြီး ပြည်ထောင်စု တစ်ခုလုံးရှိ အဖွဲ့များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကျန်ရစ်ခဲ့ခြင်းမရှိအောင် ဆွေးနွေးရန်လိုအပ်နေသည့်အတွက် ညီလာခံကိုခေါ်ယူရန် စီစဉ်ရခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

“၂၁ ပင်လုံရဲ့ ရလဒ်ကိုလည်း ချပြမှာပေါ့။ တစ်ပြိုင်တည်းမှာပဲ ညီလာခံရဲ့ သဘောအရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ခုလုံးကို သူတို့နဲ့ အပြန်အလှန်ဆွေး နွေးကြမယ်ပေါ့။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ အားလုံးက ရည်မှန်းချက် ရှိတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ အချိန်မီ ဝင်လာမှ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ တစ်ပြေးညီဖြစ်မှာပေါ့”ဟု ၎င်းကဆိုသည်။

လက်ရှိ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အသစ်ထပ်တိုးလာသည့် မွန်ပြည်သစ်ပါတီ (NMSP) အပါအဝင် လက်မှတ်ထိုး ထားသည့်အဖွဲ့ ကိုးဖွဲ့ထိ ရှိလာပြီဖြစ်သည်။

NCA စာချုပ်ကို လက်မှတ်ရေးထိုးရခြင်း မရှိသေးသည့် အဖွဲ့များတွင် “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)အဖွဲ့တို့ အပါအဝင် မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင်အဖွဲ့များ ပါဝင်နေသည်။

J-08