News

POST TYPE

LATEST NEWS POST

ပခုက္ကူတွင် တစ်သောင်းတန် ငွေစက္ကူအတု သိန်းရာချီ ဖမ်းမိ
16-May-2018

မကွေး၊ မေ ၁၆

မကွေးတိုင်းဒေသကြီး ပခုက္ကူ မြို့တွင် တစ်သောင်းတန် ငွေစက္ကူအတုအရွက်ရေ (၁၀၃၅) ရွက် ဖမ်းဆီးရမိခဲ့ကြောင်း အမှတ်(၂) မှုခင်းတပ်ဖွဲ့စု (မကွေး) ရုံးထံမှ သိရသည်။

ဖြစ်စဉ်မှာ မေလ ၁၅ ရက်နေ့က မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် စားသောက်နေသည့် အောင်ဆန်းဝင်းဆိုသူကို ဖမ်းဆီးစစ်ဆေးရာတွင် ငွေစက္ကူ အတုရွက်ရေ ၃၀၀ ဖမ်းဆီးရမိခဲ့ပြီး ၎င်းကိုစစ်ဆေးရာ ပခုက္ကူမြို့နယ် အမှတ် (၆) ရပ်ကွက် ၉ လမ်းရှိ ဦးကိုလေး၏နေအိမ်တွင် တည်းခိုနေထိုင်နေသော ကျော်ဟိန်းထံမှ ယင်းငွေစက္ကူအတုများကို ဝယ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့သဖြင့် ဦးကိုလေး၏နေအိမ်ကို ရှာဖွေရာမှ ကျော်ဟိန်းဆိုသူထံမှ တစ်သောင်းတန် ငွေစက္ကူအတု ရွက်ရေ တစ်ထောင်ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့စုရုံးထံမှ သိရသည်။

“အဓိကကတော့ ဖမ်းဆီးတာ ဦးသွားလို့ပေါ့။ နို့မို့ဆိုရင် တောင်သူတွေနဲ့ ပြည်သူတွေ လက်ထဲရောက်ပြီး သူတို့မှာ အခက်အခဲတွေ ဖြစ်လာနိုင်တယ်။ ငွေစက္ကူတုမှန်း မသိဘဲနဲ့ သုံးစွဲရင် ခွင့်လွှတ်လို့ရတယ်။ သိသိကြီးနဲ့ သုံးစွဲရင် ထောင်ဒဏ် သုံးနှစ်ချနိုင်ပြီး အတုပြုလုပ်တဲ့သူကိုတော့ အမြင့်ဆုံးအဖြစ် ထောင်ဒဏ် နှစ် ၂၀ ထိ ချလို့ရပါတယ်” ဟု အမှတ်(၂) မှုခင်း တပ်ဖွဲ့စု(မကွေး)ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ကျော်ဟိန်းဆိုသူမှာ ပခုက္ကူမှ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့သို့ ၁၂ ဘီး ယာဉ်မောင်းနှင်နေသူဖြစ်ပြီး အဆိုပါ ငွေစက္ကူအတုများကို အိန္ဒိယနိုင်ငံ မိုရေးမြို့တွင်နေထိုင်သည့် ကသည်းလူမျိုးတစ်ဦးထံမှ ကျပ်တစ်သိန်းလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ကျော်ဟိန်းက ထွက်ဆိုသည်ဟု အမှတ် (၂) မှုခင်းတပ်ဖွဲ့စု (မကွေး) ရုံးမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

အဆိုပါဖြစ်စဉ်တွင် တရားခံ အောင်ဆန်းဝင်းကို မဟာအောင်မြေမြို့နယ် မြို့မစခန်းက (ပ) ၃၁၄။၁၈ ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅၊ ၁၀၆ အရ အမှုဖွင့်စစ်ဆေးလျက်ရှိပြီး အိမ်ရှင်ဦးကိုလေးနှင့် ကွင်းဆက်တရားခံ ကျော်ဟိန်းတို့ကို ပခုက္ကူ မြို့မရဲတပ်ဖွဲ့စခန်းတွင် စစ်ဆေးလျက်ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့ထံမှ သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ်အတွင်းက မြိုင်မြို့နယ် ဗဟင်းနယ်မြေ ရဲစခန်းအပိုင်တွင် ငွေစက္ကူအတု ကျပ်သိန်း ၁၄၀ ဖမ်းဆီးရမိခဲ့ပြီး ယခုနှစ် မေလ ၉ ရက်ကလည်း ငါးထောင်တန် ငွေစက္ကူ အတု ၃၇၄ ရွက်နှင့် တစ်သောင်းတန် ၂ ရွက် ဖမ်းဆီးရမိခဲ့ကြောင်း အမှတ် (၂) မှုခင်းတပ်ဖွဲ့စု (မကွေးရုံး) ထံမှ သိရသည်။

လွင်အေး