News

POST TYPE

LATEST NEWS POST

နတ္တလင်းတွင် ငြိမ်းချမ်းရေး ရရှိရေး တောင်းဆိုဆန္ဒပြသည့် ကျောင်းသား ၁၄ ဦးကိုဖမ်းဆီး၊ သုံးဦးကိုအမှုဖွင့်
16-May-2018

နတ္တလင်း၊ မေ ၁၆

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ နတ္တလင်းမြို့တွင် ငြိမ်းချမ်းရေး ဆုတောင်းမှု ပြုလုပ်ခဲ့သည့် အကသ ကျောင်းသားများ အပါအဝင် လူငယ် ၁၄ ဦးကို မေလ ၁၅ ရက်နေ့က ဖမ်းဆီးခဲ့ပြီး သုံးဦးကို အမှုဖွင့် အရေးယူထားကြောင်း နတ္တလင်းရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ငြိမ်းချမ်းရေး ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည့် ဗမာလူငယ်များ လွတ်မြောက်ရေး ကွန်ဂရက်မှ ကိုဆောင်းဦးလွင်၊ ကိုပိုင်ငြိမ်းဝေနှင့် အခြေခံပညာ ကျောင်းသားများသမဂ္ဂ(အကသ)မှ ကိုရီဝေယံ(ခ) ရန်ကြီးတို့သုံးဦးကို (ပ) ၃၉၃/ ၂၀၁၈ ပုဒ်မ(၁၉) ဖြင့် အမှုဖွင့်ထားသည်။ 

“အမှုဖွင့်ထားတာက သုံးဦးတည်းကို ဖွင့်ထားတာပါ။ ပုဒ်မ ၁၉ နဲ့ အမှုဖွင့် အရေးယူထားတာပါ။ ကျန်တာတွေ စစ်ဆေးပြီး ပြန်လွှတ်ပြီးပါပြီ”ဟု နတ္တလင်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

လက်ရှိအမှုဖွင့်ထားသည့် သုံးဦးမှာ အသက်မပြည့်သေးဘဲ အသက် ၁၅ နှစ်မှ ၁၇ အကြားရှိ လူငယ်သုံးဦးဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“လူငယ်တွေအနေနဲ့ စိတ်မကောင်းဖြစ်မိတယ်။ လူငယ်တွေအနေနဲ့ ငြိမ်းချမ်းရေး တောင်းဆိုတာကို အခုလိုဖမ်းတာ ဆီးတာတွေ လုပ်နေတယ်။ နောက်တစ်ခု အကြမ်းဖက်နေတာ မဟုတ်ဘူး။ အေးချမ်းစွာ ဆုတောင်းနေတာ အခုလိုလုပ်တာကို ကန့်ကွတ်ရှုတ်ချတယ်”ဟု ကိုဆောင်းဦးလွင်က ပြောဆိုသည်။

ယင်းဆုတောင်းပွဲကို မေလ ၁၅ ရက်နေ့ ညနေ ၅ နာရီခန့်က နတ္တလင်း ဘုရားကြီးတွင်ပြုလုပ်ခဲ့ပြီး ပန်းခြံတွင် လူထုဟောပြောမှု ပြုလုပ်နေစဉ် ရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ၁၄ ဦးတွင် ကျန်သူများကို လွှတ်ပေးခဲ့ပြီး သုံးဦးကို ဖမ်းဆီးအမှုဖွင့်ထားခြင်းဖြစ်သည်။ 

M-06