News

POST TYPE

LATEST NEWS POST

လူနာများ ဒေသန္တရဆေးခန်းမှ လွှဲစာယူလာရန် ပညာပေးဟု ရန်ကုန်ဆေးရုံအုပ်ကြီးပြော
07-May-2018

ရန်ကုန်၊ မေ ၆

အရေးပေါ်လူနာမှလွဲ၍ အထူးကု ပြင်ပလူနာဌာနသို့ လာရောက်ကုသည့် လူနာများအား သက်ဆိုင်ရာမြို့နယ် ဒေသန္တရဆေးခန်းက လွှဲစာယူပြီးမှသာ လာရောက်ပြသရန် ပညာပေးစည်းရုံးနေကြောင်း ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးက ပြောကြားသည်။

“ကျွန်မတို့က လွှဲစာလေးယူဖို့ ပြန်ပြောတာပေါ့နော်။ အဲ့ဒါပါ။ OPD မှာပါပဲ။ အရေးပေါ် လူနာတွေတော့ မပါဘူး။ တချို့ ပြင်ပလူနာဌာနကို လာပြတဲ့ လူနာတွေကို ပညာပေးစည်းရုံးပြီးတော့ ရှင်းပြနေတာတွေ လုပ်နေတယ်။ အဲ့လိုမျိုး တဖြည်းဖြည်းဖြစ်လာအောင်တော့ ကြိုးစားနေပါတယ်”ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် သာမန်ဆေးကုသမှုကို ဒေသန္တရဆေးခန်း၏ လွှဲစာဖြင့်သာ လက်ခံရန်ဆိုသည့် အစီအစဉ်မှာ အချိန်ယူ ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် မည်သည့်ကာလတွင် ပီပီပြင်ပြင် အကောင်အထည်ဖော်နိုင်မည်ကို မသိရှိသေးကြောင်း၊ လတ်တလောတွင် လူနာများ နားလည်သဘောပေါက်၍ လက်ခံလာစေရန် ပညာပေးစည်းရုံးပြောဆိုမှုများ နေ့စဉ်ပြု လုပ်နေပြီဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီး အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

“ဒေသန္တရကျန်းမာရေးဌာနတွေမှာ ဆေးဝါးပြည့်စုံဖို့ လိုတယ်လေ။ ဒီနေရာတွေမှာ လုံလောက်တဲ့ ခွဲစိတ်ကိရိယာ ကျွမ်းကျင်အဆင့် ဆရာဝန်မရှိဘဲတော့ ဒါက တရားမျှတတဲ့ အစီအစဉ်မျိုးဖြစ်မှာ မဟုတ်ဘူး။ နောက်ပြီးတော့ လွှဲစာအပေါ် မှာ အဂတိလိုက်စားမှုတွေ ရှိလာနိုင်တယ်။ ပြန်သုံးသပ်ဖို့တော့ လိုမယ်ထင်တယ်”ဟု တရားလွှတ်တော် ရှေ့နေတစ်ဦးက ဆိုသည်။

အချို့ရောဂါများသည် မြို့နယ်ဆေးရုံနှင့် ဒေသန္တရဆေးခန်းများတွင်သာ ကုသပျောက်ကင်းနိုင်သော်လည်း မလိုအပ်ဘဲ ဆေးရုံကြီးသို့ တိုက်ရိုက်လာ ရောက်ပြသနေသူ လူနာ ၂၀၀ နှင့် ၃၀၀ ကြား နေ့စဉ်ရှိခြင်းကြောင့် ယခုကဲ့သို့ဆောင်ရွက်ရန် ရန်ကုန်ဆေးရုံအုပ်ကြီးက ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာခင်သိင်္ဂီမြင့်က ပြောကြားထားသည်။ 

“Specialist OPD ကို လာပြတဲ့ လူနာတွေကိုသာ လွှဲစာပါရမယ်။ တချို့လည်း အခုဆို လွှဲစာနဲ့လာပြသူတွေ ရှိလာပါပြီ။ ဆရာဝန်တွေကလည်း အတွင်းလူနာ၊ အရေးကြီးတဲ့လူနာကိုလည်း ကြည့်ပေးရဦးမယ်၊ OPD မှာချည်းပဲ လူသုံးလေးငါးရာကို ကြည့်ပေးဖို့ အဆင်မပြေဘူးပေါ့။ ရောဂါကြီးကြီးဆိုရင်တော့ ဆေးရုံကြီးကို လွှဲလိုက်ပေါ့”ဟု ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးက ထပ်မံပြောဆိုသည်။

ထို့အပြင် မလိုလားအပ်သော ပြဿနာများပါ ပါဝင်လျက်ရှိပြီး အထူးကုပြင်ပ လူနာဌာနများသို့ လာရောက်ပြသသူ လူနာများကြား၌ နေရာဦးပေးပြီး တန်းစီရာတွင် တုံကင်စနစ်ပုံစံ ယူပေးမည်ဟု လိမ်လည်လှည့်ဖြားမှုများ ဖြစ်ပေါ်နေကြောင်း ရန်ကုန်ဆေးရုံကြီးတွင် ဧပြီ ၁၈ ရက်က သွားရောက်ပြခဲ့သူ လူနာတစ်ဦးက မှတ်ချက်ပြုသည်။

ရန်ကုန်ဆေးရုံကြီးကို ၂၀၁၆ ခုနှစ်က ခုတင် နှစ်ထောင်ဆံ့ ဆေးရုံကြီးအဖြစ် တိုးချဲ့ခဲ့ပြီး နိုင်ငံတကာအဆင့်မီ ကျွမ်းကျင် အထူးကုဆရာဝန်ကြီးများ ဦးဆောင် ကုသပေးနေသော အထူးကုပြင်ပလူနာ ဌာန ၂၀ ကျော်ရှိသည့်အတွက် ရန်ကုန်မြို့အပါအဝင် အနယ်နယ်အရပ်ရပ်မှ နေ့စဉ်လာရောက်ပြသသူ လူနာ ၉၀၀ နှင့် ၁၀၀၀ ကြား ရှိသည့်အနက် သာမန်ရောဂါ ဖြစ်ပွားသူများပါ လာရောက်ပြသနေခြင်းဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီးနှင့်နီးစပ်သူ အချို့ထံမှ စုံစမ်းသိရသည်။

ထို့အပြင် ရန်ကုန်ဆေးရုံကြီးရှိ အထူးကုဆရာဝန်ကြီး (Professor Head) များသည် ရောဂါကုသမှုဌာနအလိုက် ဦးဆောင်လုပ်ကိုင်သည့်အပြင် ဆေးတက္ကသိုလ်ရှိ ကျောင်းသူ၊ ကျောင်းသားများကို စာသင်ကြားသည့် အလုပ်ကို တွဲဖက်လုပ်ကိုင်ရခြင်းကြောင့် အားလပ်မှု မရှိကြောင်း၊ လူနာတိုင်း၏ ရောဂါကုသမှုတိုင်းအတွက် အမြဲလုပ်ကိုင်ပေးရန် မလွယ်ကူသည့်အတွက် အဆင့်ဆင့်ညွှန်ကြားရသည်ကို လူနာများ နားလည်လက်ခံရမည်ဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီး အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ 

J-17


  • VIA