News

POST TYPE

LATEST NEWS POST

ချောင်းသာကမ်းခြေသို့ နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှု ၂ နှစ်ဆက်တိုက်လျော့
05-May-2018
ရန်ကုန်၊ မေ ၅

ခရီးသွားဧည့်သည်များ အပန်းဖြေ အနားယူရန် သွားရောက်လည်ပတ်လေ့ရှိသည့် ချောင်းသာကမ်းခြေသည် လက်ရှိတွင် နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှုမှာ ၂ နှစ်ဆက်တိုက် လျော့နည်းလျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ချောင်းသာကမ်းခြေက တစ်လချင်းစီကိုပင် အတော် လျော့ကျလာတယ်။ ကမ်းခြေကို ဧည့်သည်တွေ စိတ်ဝင်စားမှုရှိအောင် ဆောင်ရွက်မှာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

၂၀၁၆ ခုနှစ်တွင် ချောင်းသာကမ်းခြေကို တစ်လလျှင် နိုင်ငံခြားသား ခရီးသွားဧည့်သည် ၃၂၀၀ ဦးကျော် ဝင်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင်၂၅၀၀ ကျော် ဝင်ရောက်ခဲ့ကာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် နိုင်ငံခြားသားဧည့်သည် ၂၀၀ ဦးခန့်သာ ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရသည်။

ချောင်းသာကမ်းခြေအနေနှင့် ဖွံ့ဖြိုးတိုးတက်ရန် စိန်ခေါ်မှု များစွာရှိနေပြီး ဒေသခံပြည်သူ၊ ခရီးသွားဧည့်သည်၊ ဟိုတယ်လုပ်ငန်းရှင်များမှာ အစိုးရပူးပေါင်း ဆောင်ရွက်မှအဆင်ပြေနိုင်မည်ဖြစ်ကာ ရေရှည်တည်တံ့ရန် သဘာဝပတ်ဝန်းကျင်ကို ဂရုစိုက်ရန်လိုအပ်နေကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အားလုံးက လက်ရှိ အခက်အခဲကို ဘယ်လိုရင်ဆိုင်မယ်ဆိုတာ အဖြေရှာရမယ်။ ဝန်ကြီးဌာနက ဘယ်အတိုင်းအတာထိ လုပ်ဆောင်ပေးမယ်ဆိုတာ ဆုံးဖြတ်ပေးဖို့လိုတယ်”ဟု ၎င်းကဆိုသည်။

ပြည်တွင်း၌ ရခိုင်အရေး ဖြစ်ပွားပြီးနောက်ပိုင်းတွင် နိုင်ငံခြားသားဧည့်သည်များမှာ ငွေဆောင်၊ ချောင်းသာကမ်းခြေများ အပါအဝင် ပုဂံဒေသတို့ကို ဝင်ရောက်မှု သိသိသာသာ လျော့နည်းလာခဲ့ပြီး လက်ရှိချောင်းသာတွင် ဧည့်သည်ဝင်ရောက်မှု လျော့နည်းလာခြင်းမှာ နိုင်ငံရေးနှင့် ဆက်စပ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် MTF ဒုတိယဥက္ကဋ္ဌ ဦးခင်အောင်ထွန်းက ပြောကြားသည်။

“လက်ရှိက နိုင်ငံရေးနဲ့ ဆက်စပ်တော့ တစ်နှစ်၊ ၂ နှစ်အတွင်း အခက်အခဲရှိတဲ့ အနေအထား ဖြစ်နေတာ။ ဧည့်သည် ပြန်တိုးလာအောင် ဝန်ကြီးဌာနနဲ့အသင်းနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်နေတယ်”ဟု ၎င်းကဆိုသည်။

ချောင်းသာတွင်နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှု လျော့ကျခြင်းတွင် ကမ်းခြေ၌ စည်းကမ်းတကျ အမှိုက်စွန့်ပစ်ခြင်း မရှိခြင်းမှာလည်း တစ်ခု အပါအဝင်ဖြစ်ပြီး ပြည်တွင်း ခရီးသွားများ အများစုမှာ စနစ်တကျ အမှိုက်စွန့်ပစ်မှု နည်းပါးကြောင်း ၎င်းက ပြောကြားသည်။

“ခရီးသွားအဖွဲ့တွေကနေ ကိုယ့်ဧည့်သည်တွေကို စနစ်တကျ အမှိုက်စွန့်ပစ်ဖို့ စည်းကမ်းတင်းကျပ်ဖို့ လိုမယ်။ ပညာပေးအဆင့်နဲ့မရရင် ဒဏ်ကြေးသတ်မှတ်သင့်တယ်”ဟု ၎င်းက အကြံပြု ပြောဆိုသည်။

လက်ရှိ ချောင်းသာကမ်းခြေတွင် စည်ပင်သာယာရေး ကော်မတီက ခွင့်ပြုထားသည့် တည်းခိုခန်း ၅၆ လုံးရှိပြီး ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက ခွင့်ပြုထားသည့် ဟိုတယ်၂၈ လုံးခန့်ရှိကြောင်း အဆိုပါဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

J-06