News

POST TYPE

LATEST NEWS POST

ဧရာဝတီတိုင်းတွင် လှုပ်ရှားနေသည့် သူခိုးဂိုဏ်းကို ဖော်ထုတ်
ပုသိမ်၊ စက်တင်ဘာလ ၂၀

ဧရာဝတီတိုင်းဒေသကြီး မြို့နယ်များတွင် လှည့်လည်၍ လယ်ယာလုပ်ငန်း အသုံးပြုသည့် ကျွဲ၊ ဆိုင်ကယ်၊ ပဲ့ထောင် စက်လှေနှင့် ပစ္စည်းအမျိုးမျိုးအား ဂိုဏ်းအုပ်စုဖွဲ့ကာ လှည့်လည်ခိုးယူသည့် ဂိုဏ်းခေါင်းဆောင် ငမျိုး(ခ) မျိုးလွင် အပါအ၀င် ဂိုဏ်းဝင် သူခိုး ၉ ဦး ဖော်ထုတ် ဖမ်းဆီးရမိပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

အဆိုပါ သူခိုးဂိုဏ်းသည် ပုသိမ်၊ ကန်ကြီးထောင့်၊ ၀ါးခယ်မ၊ မြောင်းမြ၊ ငရုတ်ကောင်းတို့တွင် ဆိုင်ကယ်ကို အများဆုံး ခိုးယူခဲ့ပြီး လပွတ္တာ၊ မော်လမြိုင်ကျွန်းမြို့နယ်တို့တွင် လယ်ယာလုပ်ငန်းသုံး ကျွဲများကို အများဆုံး ခိုးယူခဲ့သည့် ဂိုဏ်းအုပ်စုဖွဲ့ကာ လှည့်လည်၍ ခိုးမှုကျူးလွန် ခဲ့ကြသူများ ဖြစ်သည်ဟု တာဝန်ရှိ ရဲအရာရှိက ဆိုသည်။

"အများစုက ရန်ကုန်ကပါ။ လပွတ္တာ အိမ်မဲနဲ့ ၀ါးခယ်မမြို့က သူတွေလည်း ပါတယ်၊ အလုပ်ရှိပြီဆိုမှ ချိတ်ဆက်စုဖွဲ့ပြီး ခိုးမှု ကျူးလွန်ကြတာပါ။ ဆိုင်ကယ်ခိုးမှု ၁၈ မှု ခိုးရာပါမှာ ဆိုင်ကယ်အစီး ၂၀၊ စက်လှေ တစ်စီး၊ ဖုန်း ၁ လုံးတို့ကို ဖော်ထုတ်နိုင်ခဲ့ပြီး ကျွဲခိုးမှု ၁၀ မှုမှာ ခိုးရာပါ ကျွဲ ၄၂ ကောင်၊ စက်လှေ ၁ စီးတို့ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်" ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

ဂိုဏ်းခေါင်းဆောင် ငမျိုး(ခ) မျိုးလွင်မှ ရန်ကုန်မြို့ အလုံမြို့နယ် ဆင်မင်းဈေးအနီး သိပ္ပံလမ်း တိုက်အမှတ် (၄၇) ပထမထပ်တွင် နေထိုင်သူဖြစ်ပြီး ထွန်းနိုင်၊ ကျော်နိုင်၊ ကျော်လတ်၊ ကိုလတ်၊ ခေါင်းပြားကြီး တို့မှာ ရန်ကုန်မြို့တွင် နေထိုင်သူများ ဖြစ်ကြောင်း၊ မိုးနှင်း၊ မင်းလတ်မှာ လပွတ္တာမြို့တွင် နေထိုင်ပြီး ခိုးရာပါ ပစ္စည်းများအား လက်ခံ ရောင်းချပေးသူများ ဖြစ်ကြသည့် ကိုဥ၊ တင့်နိုင်လင်းတို့မှာ အိမ်မဲမြို့မှဖြစ်ပြီး ဒေါ်ချို၊ ကိုကို၊ ညီညီတို့မှာ ၀ါးခယ်မမြို့တို့မှ ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းချက်များအရ သိရသည်။

ဆိုင်ကယ်ခိုးမှုတွင် ပါဝင်သော ဂိုဏ်းခေါင်းဆောင် ငမျိုး(ခ) မျိုးလွင်၊ ထွန်းနိုင်၊ ကျော်နိုင်၊ ကျော်လင်း၊ ကိုလတ်နှင့် ခိုးရာပါ ပစ္စည်း လက်ခံသူ ဒေါ်ချို၊ ကိုကို၊ ညီညီ တို့ကို ပြစ်မှုအမှတ် (ပ) ၅။ ၂၀၁၆ ပုဒ်မ ၃၇၉ ဖြင့် လပွတ္တာမြို့နယ် ကြာကန် နယ်မြေ ရဲစခန်းတွင်လည်းကောင်း၊ ကျွဲ ခိုးမှုတွင် ပါဝင်သော ဂိုဏ်းခေါင်းဆောင် ငမျိုး(ခ) မျိုးလွင်၊ ကျော်နိုင်၊ ကျော်လင်း၊ ကိုလတ်၊ ခေါင်းပြားကြီး၊ မိုးနှင်း၊ မင်းလတ်နှင့် ခိုးရာပါပစ္စည်း လက်ခံသူ ကိုဥ၊ တင့်နိုင်လင်းတို့ကို ပြစ်မှုအမှတ် ၂၀/၂၀၁၆ ပုဒ်မ ၃၇၉ (တ)ဖြင့် မော်လမြိုင်ကျွန်းမြို့နယ် လှိုင်းဘုန်းနယ်မြေ ရဲစခန်းတွင်လည်းကောင်း အမှုရေးဖွင့်ကာ ဆက်စပ်မှုခင်းများကို ဖော်ထုတ်နိုင်ရန် စစ်ဆေးလျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သိရှိရသည်။