News

POST TYPE

LATEST NEWS POST

စလေရှိ ကျူးကျော်နေအိမ်နှင့် ဈေးဆိုင်များကို ၁၀ ရက်အတွင်းဖျက်ရန် စည်ပင်ညွှန်ကြား
29-Apr-2018



ချောက်၊ ဧပြီ ၂၈

မကွေးတိုင်း စလေမြို့နယ် မြို့မရပ်ကွက်ရှိ ရုပ်စုံကျောင်းရှေ့၌ တည်ဆောက်ထားသည့် ဈေးဆိုင်နှင့် သားသတ်ရုံမြေနေရာအတွင်း တည်ဆောက်ထားသည့် ကျူးကျော်အဆောက်အအုံများကို ၁၀ ရက်အတွင်း ဖယ်ရှားပေးရန် ချောက်မြို့ စည်ပင်သာယာရေး ကော်မတီက ညွှန်ကြားလိုက်သည်။

ဧပြီ ၂၈ ရက်နေ့က ယင်းနေရာများနှင့် စလေမြို့နယ်အတွင်းရှိ ဘော်ဒါဆောင်တစ်ခု၏ ရေဆိုးစွန့်ပစ်မှု အခြေအနေများကို လိုက်လံစစ်ဆေးပြီးနောက် ချောက်မြို့နယ် စည်ပင်သာယာရေးကော်မတီက ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

“ချောက်စည်ပင်သာယာရေးအဖွဲ့နဲ့ ကော်မတီကို စစ်ဆေးဆောင်ရွက်ပေးဖို့ တိုင်ကြားလို့ စစ်ဆေးတယ်။ ကျူးကျော်ဆိုင်၊ သားသတ်ရုံမြေနေရာက အိမ်တွေ ဖယ်ရှားပေးဖို့နဲ့ ဘော်ဒါဆောင်သုံး ရေစွန့်ပစ်မှုကို စနစ်တကျစွန့်ပစ်ဖို့ ဆောင်ရွက်ခဲ့ပါတယ်”ဟု ချောက်မြို့ စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးနေမန်းက ပြောဆိုသည်။

ချောက်မြို့နယ် စည်ပင်ပိုင် သားသတ်ရုံမြေနေရာ၌ ခြံဝင်းခတ်ခြင်း၊ သားသတ်ရုံတည်ဆောက်ခြင်းနှင့် ရေတွင်းတူးခြင်းများကို ချောက်မြို့နယ်စည်ပင်က ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ယင်းသားသတ်ရုံ၌ ဝက်၊ ဆိတ်နှင့် အမဲသားတို့သတ်ကြောင်း ၎င်းက ဆိုသည်။

စလေမြို့ ကွက်သစ်ရပ်ကွက်ရှိ ဖိုးချမ်းဘော်ဒါဆောင်မှ ကျောင်းသူ/သား (နှစ်ရာကျော်) သုံးစွဲသော စွန့်ပစ်ရေများသည် လမ်းမြေပေါ်သို့ ရောက်ရှိသည့်အတွက် ပတ်ဝန်းကျင်ဒေသခံများက တိုင်ကြားထားခဲ့သဖြင့် ယင်းဘော်ဒါဆောင်မှ အသုံးပြုပြီးသော စွန့်ပစ်ရေများကို ချောင်းအထိ ရေမြောင်းတူးပြီး စွန့်ပစ်ရန် ညွှန်ကြားခဲ့ကြောင်း ချောက်မြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။ 

နေနိုင် (ချောက်)

  • VIA