News

POST TYPE

LATEST NEWS POST

သီရိမင်္ဂလာဈေး ကုန်စိမ်းဈေးရုံမှ ဆိုင်ခန်းနေရာ လက်လွှဲရောင်းသူအချို့ကို အရေးယူရန် စီစဉ်
26-Apr-2018

ရန်ကုန်၊ ဧပြီ ၂၆

လှိုင်မြို့နယ် သီရိမင်္ဂလာဈေးသစ်၌ စည်ပင်သာယာမှ ပျံကျဈေးသည်များအတွက် ဆောက်လုပ်၍ နေရာချထားသည့် ဈေးရုံနှစ်ခုမှ ဆိုင်ခန်း ၁၀ ခန်းခန့် တရားမဝင် လက်လွှဲရောင်းသူအချို့ကို စည်ပင်ဥပဒေဖြင့် အရေးယူရန် စီစဉ်နေကြောင်း သီရိမင်္ဂလာဈေးသစ်၊ သာယာရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဈေးရောင်းဖို့ နေရာချပေးထားတာ။ အခုလို လက်လွှဲရောင်းတာ ခွင့်ပြုမထားဘူး။ သတိပေးထားတာလည်းကြာပြီ ဆိုင်ခန်းတွေ ပြန်သိမ်းဆည်းမယ်။ စည်ပင်ဥပဒေနဲ့လည်း အရေးယူသွားမယ်”ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ယခင်နှစ်၌ သီရိမင်္ဂလာဈေးသစ်ရှိ ပျံကျဈေးသည် ငါးရာခန့်ကို စုစည်း၍ဈေးရုံကြီး နှစ်ခုတည်ဆောက်ကာ လေးပေပတ်လည်နေရာတစ်ခုလျှင် ဆိုင်ခန်းတစ်ခန်း သတ်မှတ်ကာ နေရာချပေးထားခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

လက်ရှိတွင် ယင်းနေရာပမာဏသာ ကျယ်ဝန်းသည့်ဆိုင်ခန်း တစ်နေရာစာလျှင် ဈေးဝယ်သူ ဝင်ထွက်မှုနှင့် စည်ကားမှုအလိုက် ကျပ်သိန်း ၃၀ နှင့် ၆၀ ကြား ဈေးကွက်ရှိနေခြင်းဖြစ်ပြီး ဈေးသည် အချင်းချင်း အမည်ပေါက်ရယူကာ လက်လွဲ ဝယ်ယူနေခြင်းဖြစ်ကြောင်း သီရိမင်္ဂလာဈေးသစ်ရှိ ကုန်စိမ်းဈေးသည်အချို့ထံမှ သိရသည်။

“နေရာအကွက်ကျရင် ကျသလို ပေးရတယ်။ ဘေးလူတော့ လာဝယ်တာမျိုး မရှိဘူး။ အချင်းချင်း ပြန်ဝယ်ကြတာပဲ။ တချို့ဆို ဆိုင်ခန်း ဆယ်ခန်းလောက် တစ်ယောက်တည်း ပိုင်နေတာရှိတယ်”ဟု ဈေးသည်တစ်ဦးက မှတ်ချက်ပြုသည်။

အနယ်နယ် အရပ်ရပ်ရှိ ကုန်စိမ်းတင်ယာဉ်ကြီးများ ရပ်နားသည့် ကားပါကင်နေရာတွင် ကုန်စိမ်းပျံကျဈေးသည် ၅၀၀ ခန့်မှာ နေရာဦးရောင်းချမှုဖြစ်ပေါ်လာခြင်းကြောင့် ဈေးသည်များအတွက် သတ်သတ်မှတ်မှတ် ရှိစေရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအောက်ရှိ ဈေးများဌာနက ဈေးရုံကြီးနှစ်ရုံကို တိုးချဲ့၍ ဈေးသည်တစ်ဦးလျှင် လေးပေပတ်လည် နေရာခွဲတမ်းကို မဲစနစ်ဖြင့် ရွေးချယ်သတ်မှတ်ပေးခဲ့ဖြစ်ကြောင်း ဈေးသည်များထံမှ စုံစမ်းသိရသည်။

၂၀၁၀ ခုနှစ်ခန့်က ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သော သီရိမင်္ဂလာဈေးသစ်တွင် သစ်သီးများ ရောင်းချသည့် ပွဲရုံလုပ်ငန်းရှင်များအတွက် (က) ရုံ၊ (ခ) ရုံနှင့် (ဂ) ရုံဟူသော ဈေးရုံကြီး ၃ ရုံကို တည်ဆောက်ပေးထားသော်လည်း ကုန်စိမ်းဈေးနှင့် ပတ်သက်သော သီးသန့်ဈေးရုံကို နှစ်ရုံသာ ဖွင့်ပေးနိုင်ခဲ့ခြင်းကြောင့် ယခုနှစ်အတွင်း ဈေးရုံနှစ်ရုံကို တိုးချဲ့ တည်ဆောက်ပေးခြင်းဖြစ်ပြီး လေးပေပတ်လည် ဆိုင်ခန်းပေါင်း ငါးရာခန့် ပါဝင်ကြောင်း သိရီမင်္ဂလာဈေး၊ သာယာရေးနှင့်စည်းကမ်း ထိန်းသိမ်းရေးကော်မတီထံမှ သိရသည်။

သီရိမင်္ဂလာဈေးသစ်သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဖွင့်ပေးထားသော ဈေးရုံခြောက်ရုံခန့်အနက် ပွဲရုံလုပ်ငန်းများ အပါအဝင် ကုန်စိမ်းဆိုင်ခန်းပေါင်း သုံးထောင်ခန့်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

J-17