News

POST TYPE

LATEST NEWS POST

ထိန်ပင်အမှိုက်ပုံ မီးလောင်မှု မီးခိုးငြှိမ်းနိုင်သည့် Bio Foam ဖြင့် ငြှိမ်းမည်
25-Apr-2018

ရန်ကုန်၊ ဧပြီ ၂၅

လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံမီးလောင်မှုအတွက် မီးငြှိမ်းသတ်နိုင်ရေးအပြင် မီးခိုးများကိုပါ ငြှိမ်းသတ်နိုင်သည့်နည်းပညာ Bio Foam သုံးပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောကြားသည်။

“ရေနဲ့ ငြှိမ်းတာကျတော့ ကြာတယ်။ Bio Foam ကျတော့ ပတ်ဝန်းကျင်ကို မထိခိုက်တဲ့အတွက် မီးငြှိမ်းသတ်ရာမှာ မြန်လည်းမြန်ပါတယ်။ အမှိုက်ပုံက လှိုက်လောင်နေတော့ မီးကတော့ ဆက်လက် ငြှိမ်းနေရဆဲပါပဲ။ မီးကရှို့တာလား၊ သူ့အလိုလိုပဲ တောက်လောင်တာလားဆိုတာ စုံစမ်းနေတုန်းပါပဲ”ဟု ၎င်းကဆိုသည်။

လှိုင်သာယာ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုအား ၈၀ ရာခိုင်နှုန်းခန့် ထိန်းနိုင်ပြီဖြစ်ပြီး မီးငြိမ်းရေးအပြင် မီးခိုးများပါ ငြိမ်းသတ်နိုင်ရန် နည်းပညာ (Bio Foam) သုံးပြီး ဆောင်ရွက်မည်ဖြစ်ပြီး ၃၆ နာရီအတွင်း ရောက်ရှိလာစေရန် တွန်းအားပေးဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ကြောင်း ဧပြီလ ၂၅ ရက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

ဧပြီ ၂၅ ရက်နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမ (၃) ၌ ပြုလုပ်သည့် လှိုင်သာယာ ထိန်ပင်အမှိုက်ပုံမီးအမြန် ငြိမ်းသတ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

 အဆိုပါ Bio Foam မှာဂျပန် နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့တွင် အသုံးပြုနေပြီး လက်ရှိတွင် ယိုးဒယားနိုင်ငံမှ မှာယူထားကြောင်း Bio Foam ဂါလံ ၅၀၀၀ ခန့်လိုအပ်သော်လည်း ဂါလံ ၁၈၀၀ သာရရှိမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားချက်အရသိသည်။ 

ဧပြီလ ၂၁ ရက်နေ့ကတည်းက ငါးရက်ကြာပြီဖြစ်သော ထိန်ပင်သုသာန်အနီး အမှိုက်ပုံမီးလောင်မှုကို မီးသတ်ဦးစီးဌာန၊ တပ်မတော်သားများနှင့် စည်ပင်သာယာရေးအဖွဲ့တို့က ကြိုးစားငြှိမ်းသတ်နေပြီး မီးထိန်းနိုင်သော်လည်း လက်ရှိအချိန်ထိ မီးမငြိမ်းသေးကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်ကဆိုသည်။

ဧပြီလ ၂၁ ရက်မှ ၂၅ ရက်နေ့အထိ ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှုကြောင့် အသက်ရှုကျပ်၍ လာရောက်ပြသသူနှင့် ဆေးရုံတက်ကုသသူ ထပ်မံတိုးလာကြောင်း ၂၀ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးဇော်ဦးက ပြောကြားသည်။

ဧပြီလ ၂၃ ရက်က မီးခိုးငွေ့ကြောင့် အသက်ရှူကျပ်သည့် လူနာပေါင်း ၅၀ မှာ ၂၀ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှိ မြေပြင်ကျန်းမာရေး စောင့်ရှောက်သည့်အဖွဲ့သို့ လာရောက်ပြသခဲ့ပြီး ဧပြီလ ၂၄ ရက်တွင် ၁၉ ဦးနှင့်ဧပြီလ၂၅ ရက် ညနေအထိ ၁၂ ဦး လာရောက်ပြသခဲ့သဖြင့် စုစုပေါင်း ၈၁ ဦး ရှိပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

“မီးခိုးငွေ့ရှုမိလို့ ဧပြီ ၂၄ ရက်နေ့က လာရောက်ပြသသူတွေထဲမှာ ၂ ယောက်ကို လှိုင်သာယာဆေးရုံကို လွှဲပေးရတယ်။ ဧပြီလ ၂၅ ရက်မှာတော့ သုံးယောက်ကို ထပ်မံ လှိုင်သာယာဆေးရုံကို တင်လိုက်ရပါတယ်” ဟု ဦးဇော်ဦးကပြောသည်။

ထိန်ပင်အမှိုက်ပုံအနီးရှိ ၂၀ ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးမှာ ဧပြီလ ၂၅ ရက်၊နံနက် ၂ နာရီ တွင် သေဆုံးခဲ့ပြီး သေဆုံးသွားသည့် အမျိုးသမီးမှာ အသက် ၆၁ နှစ်ရှိ ဒေါ်ခင် နှင်းနွယ်ဖြစ်ကာ မီးခိုးရှုရှိုက်မိခြင်းကြောင့် သေဆုံးခြင်းမဟုတ်ဘဲ ကျောက်ကပ် ပျက်စီးသည့်ရောဂါဖြင့် သေဆုံးခြင်းဖြစ်ကြောင်း လှိုင်သာယာမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခင်ရူပါစိုးက ပြောကြားသည်။

“သေဆုံးသွားတဲ့လူနာက လွန်ခဲ့တဲ့သုံးနစ်ကတည်းက နှလုံးကြီးတာရယ် ရင်ကြပ်ရောဂါရယ်၊ ကျောက်ကပ် ပျက်စီးတာရယ်ရှိနေပါတယ်။ ကျွန်မတို့ စစ်ဆေးချက်အရ ရောဂါအခံရှိလို့ ကျောက်ကပ် ပျက်စီးလို့ဆုံးတာပါ”ဟု ၎င်းကဆိုသည်။

လှိုင်သာယာပြည်သူ့ဆေးရုံကြီးတွင် ဧပြီ ၂၅ ရက်နေ့အထိ မီးခိုးမွှန်ရောဂါနှင့်ဆက်စပ်၍ အတွင်းလူနာ ၁၄ ဦး တက်ရောက် ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း လှိုင်သာယာမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးထံမှ သိရသည်။

လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံ မီးလောင်မှုမှ ပျံနှံ့နေသော မီးခိုးငွေ့များ၏ လေနမူနာ စမ်းသပ်တိုင်းတာ၍ ဓာတ်ခွဲစစ်ဆေးရာတွင် လေထုညစ်ညမ်းမှု ဆိုးဝါးနေကြောင်း စိမ်းလန်း အမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဧပြီလ ၂၅ ရက်က ထုတ်ပြန်သည်။

အဆိုပါ လေနမူနာစမ်းသပ်တိုင်း တာမှုကို ဧပြီလ ၂၄ ရက်က ထိန်ပင်အမှိုက်ပုံနှင့် မီတာ ၁၀၀ အကွာရှိ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အသားထုတ်လုပ်ရေးရုံးရှေ့ အပါအဝင် လှိုင်သာယာတို့တွင် လေ တိုင်းတာစစ်ဆေးမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

“ကျွန်တော်တို့တော့ မသိဘူး။ ကျန်းမာရေးနဲ့ စည်ပင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က စက်တစ်လုံးစီနဲ့ တိုင်းဖို့ စီစဉ်နေတယ်။ အဖြေတော့ မထွက်သေးဘူး။ လေအရည်အသွေးသိဖို့ အမြန်ဆုံး ဆောင်ရွက်နေပါတယ်”ဟု ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ အကြီးတန်းတာဝန်ရှိတစ်ဦးက ဆိုသည်။

အထက်ပါထုတ်ချက်၌ တိုင်းတာသည့်အချိန်သည် သတ်မှတ်စံနှုန်းအချိန်ထက် နည်းပါက အများဆုံး တိုင်းတာခဲ့သည့်အချိန်၏ ပျမ်းမျှရလဒ်ကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး သတ်မှတ်စံနှုန်းအချိန်ထက် ပိုမိုတိုင်းတာထားသော အရည်အသွေးများအတွက် သတ်မှတ်အချိန် ပျမ်းမျှ ရလဒ်၏ အများဆုံး ရလဒ်တစ်ခုသာ ဖြစ်ကြောင်း ဖော်ပြထားသည်။ 

လက်ရှိ အမှိုက်ပုံမီးကို ဧပြီ ၂၅ ရက်နေ့တွင် မီးငြှိမ်းသတ်ယာဉ် ၂၀ စီး၊ မီးသတ်ရေသယ်ယာဉ် ၃၇ စီး၊ အုပ်ချုပ်မှုယာဉ် ခုနှစ်စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၃၀၆ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅၀ ဦးတို့ဖြင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်လက်အောက်ရှိ တပ်မတော်သား ၂၆၁ ဦးမှလည်း ဝိုင်းဝန်းကူညီငြိမ်းသတ်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ် ကုလားကြီးစု ကျေးရွာအုပ်စု ထိန်ပင်သုဿန်၏ စည်ပင်သာယာ အမှိုက်ပုံအတွင်း အပူချိန် လွန်ကဲမှုကြောင့် ဧပြီလ ၂၁ မွန်းလွဲ ၁၂နာရီ ၄၀ မိနစ်မှစ၍ အမှိုက်ပုံ မီးလောင်ကျွမ်းမှုခဲ့ရာ အမှိုက်ပုံ၏ မီးလောင်ဧရိယာဧက ၃ ဧကအနက် မီးလောင်ဧရိယာ ၂ ဧကခန့်ကို ငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှု၏ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဧပြီလ ၂၅ ရက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လူမှုကွန်ရက် စာမျက်နှာဖော်ပြချက်အရ သိရသည်။

J-10, J-17