News

POST TYPE

LATEST NEWS POST

ထိန်ပင်အမှိုက်ပုံအနီးမှ အမျိုးသမီး သေဆုံးခြင်းမှာ မီးခိုးငွေ့ရှုမိခြင်းကြောင့်မဟုတ်ဟုဆို
25-Apr-2018

ရန်ကုန်၊ဧပြီ-၂၅

လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံအနီးရှိ ၂၀ရပ်ကွက်တွင် နေထိုင်သည့် အသက် ၆၀ ကျော်အမျိုးသမီး သေဆုံးရခြင်းမှာ မီးခိုးငွေ့ရှုမိခြင်းကြောင့် သေဆုံးရခြင်းမဟုတ်ဘဲ ကျောက်ကပ်ပျက်စီးသည့်ရောဂါဖြင့် သေဆုံးရသည်ကို စစ်ဆေးတွေ့ရှိကြောင်း လှိုင်သာယာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်ရူပါစိုးကပြောကြားသည်။

ယနေ့ (ဧပြီ ၂၅ ရက်)​ နံနက်ပိုင်းက သေဆုံးသွားသည့် အမျိုးသမီးမှာ အသက် ၆၁ နှစ်ရှိ ဒေါ်ခင်နှင်းနွယ်ဖြစ်ပြီး ကျောက်ကပ်ရောဂါ၊ ပန်းနာရင်ကြပ်ရောဂါနှင့် နှလုံးကြီးသည့် ရောဂါအခံရှိသည်မှာ သုံးနှစ်ခန့်ရှိပြီး ဆေးကုသနေသည်မှာ ၆ လခန့်ရှိပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဧပြီ ၂၅ ရက်နေ့၊ နံနက် ၂ နာရီက ဆုံးပါးသွားတာပါ။ ဘာကြောင့်သေဆုံးလဲဆိုတာစစ်ဆေးတော့ မီးခိုးငွေ့ရှုမိလို့ သေဆုံးတာမဟုတ်ပါဘူး။ မဆုံးခင်က အဲဒီအမျိုးသမီးက နေအိမ်မှာ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အောက်ဆီဂျင်ရှုပြီး နေထိုင်နေရတယ်။ ရောဂါအခံကလဲ နဂိုထဲကရှိနေတော့ ကျောက်ကပ်ပျက်စီးသည့်ရောဂါနဲ့ သေဆုံးတာလို့ စစ်ဆေးတွေ့ရှိပါတယ်။ ပြည်သူတွေက အရမ်းကြောက်နေတာကို တမင်သက်သက် ဖေ့ဘုတ်စာမျက်နှာမှာ လျှောက်ဖွတာပါ။”ဟု လှိုင်သာယာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ရှင်းပြသည်။

ဧပြီလ ၂၃ ရက်က မီးခိုးငွေ့ကြောင့် အသက်ရှူကျပ်သည့် လူနာပေါင်း ၅၀ မှာ ၂၀ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှိ မြေပြင်ကျန်းမာရေး စောင့်ရှောက်သည့်အဖွဲ့သို့ လာရောက်ပြသခဲ့ပြီး ဧပြီလ ၂၄ ရက်နေ့တွင် ၁၉ ဦး နှင့် ဧပြီ ၂၅ ရက်နေ့ ညနေအထိ ၁၂ ဦး လာရောက်ပြသခဲ့သဖြင့် စုစုပေါင်း ၈၁ ဦးရှိပြီဖြစ်ကြောင်း လှိုင်သာယာမြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်လာသော မီးခိုးမွှန်ရောဂါနှင့် ဆက်စပ်ရောဂါလူနာများ ကုသရေးအတွက် လှိုင်သာယာပြည်သူ့ဆေးရုံအပြင် အရံဆေးရုံများအဖြစ် အင်းစိန်ပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန်မြို့ပေါ်ရှိ အခြားဆေးရုံကြီးများတွင် (၂၄) နာရီပတ်လုံး ကုသပေးနိုင်ရေး အသင့်ပြင်ဆင်ထားရှိနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ညနေပိုင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအပြင် လှိုင်သာယာနှင့် ထိစပ်နယ်မြေများတွင်ပါ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်းများ၊ ကျေးလက် ကျန်းမာရေးဌာနနှင့် ဌာနခွဲများကို (၂၄) နာရီ ဖွင့်လှစ်ထားရှိပြီး ဆေးနှင့်ဆေးပစ္စည်းများ လုံလောက်စွာ ထားရှိရေး၊ အရေးပေါ် လူနာများ လွှဲပြောင်းပေးနိုင်ရေးအတွက် လူနာတင်ယာဉ်များ အဆင်သင့် ရရှိရေးနှင့် လူနာတင်ယာဉ်များပေါ်တွင် အောက်ဆီဂျင် အလုံအလောက်ရှိရေး ဆောင်ရွက်ထားကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖ်ာပြသည်။

J-10, J -12