News

POST TYPE

LATEST NEWS POST

လူသတ်မီးရှို့အလောင်းဖျောက်မှု လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမည်
25-Apr-2018

မန္တလေး၊ ဧပြီ ၂၄

ပြည်ကြီးတံခွန်မြို့နယ် ထိန်ကုန်းရပ်ကွက်အတွင်း၌ ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းကဖြစ်ခဲ့သော သားအမိနှစ်ဦးကိုသတ်ကာ မီးရှို့အလောင်းဖျောက်ခဲ့သည့်အမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း တရားလို၏ အကျိုးဆောင်ရှေ့နေထံမှ သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် ထိန်ကုန်း ရပ်ကွက်တွင်နေထိုင်သော အသက် ၃၇ နှစ်အရွယ် ဒေါ်နန်းခင်ထွေးဝင်းနှင့် အသက်သုံးနှစ်ကျော်အရွယ် ၎င်း၏သမီး မနန်းဝင့်ရွှေရည်ဗိုလ်တို့သည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေ ၅ နာရီခန့်က နေအိမ်အခန်းအတွင်း သေဆုံးနေခဲ့ပြီး မီးရှို့ခံထားရသည်ကို ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သော အမှုဖြစ်သည်။

“ဒီနေ့ရုံးချိန်းမှာတော့ လျှောက်လဲချက်တင်ခဲ့ရတာပါ။ တရားလိုဘက်ကလည်း အပြစ်ရှိတဲ့အတွက် အပြစ်ပေးသင့်တယ်ပေါ့။ တရားခံဘက်ကလည်း ပြစ်မှုမထင်ရှားတဲ့အတွက် အပြစ်မပေးသင့်ကြောင်းပေါ့။ တရားရုံးအလိုအရက မေ လ ၈ ရက်နေ့မှာ ပြန်ချိန်းထားပါတယ်။ အဲ့ဒီရုံးချိန်းမှာ အမိန့်ချဖို့ရှိပါတယ်”ဟု တရားလို၏အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးစောထိန်သိန်းက ပြောကြားသည်။

အဆိုပါအမှုတွင် ကျူးလွန်သူဟု ယူဆရသူသည် သားအမိနှစ်ဦးနှင့်အတူ နေထိုင်သည့် အသက် ၂၀ အရွယ်ရှိ ခိုင်ဝေဆိုသူဖြစ်ပြီး မန္တလေးခရိုင် တရားရုံး၌ တရားစွဲဆိုစစ်ဆေးနေခြင်းဖြစ်သည်။

အမှုရင်ဆိုင်နေရသူ ခိုင်ဝေအနေနှင့် ပစ္စည်းရလိုမှုလောဘကြောင့် လူသတ်မှုကျူးလွန်ခဲ့ပြီး အလောင်းဖျောက်ဖျက်ရန်အတွက် ဓာတ်ဆီလောင်းကာ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားခဲ့သော်လည်း မန္တလေးခရိုင်တရားရုံး၌ စစ်ဆေးရာတွင်မူ ၎င်းအနေနှင့် ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ကြီးတံခွန် မြို့မရဲစခန်းက (ပ) ၅၅/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂/၄၃၆ တို့ဖြင့် အမှုဖွင့်ခဲ့ပြီး သံသယတရားခံဖြစ်သည့် ခိုင်ဝေကိုဖမ်းဆီးကာ တရားရုံးစွဲတင်ပြီး စစ်ဆေးနေခြင်းဖြစ်သည်။

ယင်းအမှုကို စစ်ဆေးရန်တင်ပြထားသည့် တရားလိုပြသက်သေ ၁၅ ဦးကို စစ်ဆေးပြီးချိန်တွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ (၁-ဂ)၊ ၃၀၂ (၂) နှင့် ၄၃၆ တို့ဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်ရာ ၃၀၂ (၁-ဂ) သည် ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် သေဒဏ်အထိ ချမှတ်နိုင်ပြီး ၃၀၂ (၂) သည်လည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်နိုင်ကာ၊ ၄၃၆ သည် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သည့် ပြစ်မှုများဖြစ်သည်။

M-04

  • VIA