News

POST TYPE

LATEST NEWS POST

ကုန်တင်ကားကြီးများ ယခင်တန်ချိန်အတိုင်း တင်ခွင့်ပေးရန် တောင်းဆို


ရန်ကုန်၊ ဧပြီ ၂၄

ကတ္တားစံချိန်များ ပြန်လည်ချိန်ညှိပြီးနောက်ပိုင်းတွင် ကုန်တင်ကားကြီးများ၏ ကုန်တန်ချိန်မှာ လျော့ကျသွားသည့်အတွက် ယခင်အတိုင်း ပြန်လည်သတ်မှတ်ပေးရန် ဆောက်လုပ်ရေးဝန်ကြီးဌာနထံ တောင်းဆိုထားကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကိုကိုနိုင်က ပြောကြားသည်။

တိုးဂိတ်များ၌ ကတ္တားစံချိန်ပြင်ဆင်ခြင်းကို ယခုနှစ် ဖေဖော်ဝါရီက ဆောင်ရွက်ခဲ့ပြီး ယင်းနောက်တွင် ၂၂ ဘီး ကားကြီးများကို ယခင်က ကုန်တန်ချိန် ၃၃ တန် တင်ခွင့်ပြုခဲ့သော်လည်း ယခု ၃၂ တန်သာ တင်ခွင့်ပြုတော့ကာ ၁၂ ဘီး ကားများတွင်လည်း ယခင်ကုန်တန်ချိန် ၁၇ တန်အစား လက်ရှိတွင် ၁၆ တန်သာ တင်ခွင့်ပြုတော့ကြောင်း ၎င်းက ဆိုသည်။

“ဒီနှစ်ပိုင်းတွေမှာ ကားတွေပေါလာပြီး ကုန်ထွက်ရှိမှုနည်းလို့ ကုန်ကားလုပ်ငန်းရှင်တွေအတွက် တွက်ခြေကိုက်မှု နည်းတယ်။ အဓိကက မူဆယ်၊ မြဝတီလမ်းကြောင်းကို သွားတယ်။ တစ်တန်လျော့သွားရင်လည်း ကားမောင်းတဲ့သူတွေ၊ လုပ်ငန်းရှင်တွေမှာ ထိခိုက်မှုရှိတယ်”ဟု ၎င်းက ရှင်းပြပြောဆိုသည်။

လမ်းတံတားများ သက်တမ်းပြည့် အသုံးပြုနိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ကတ္တားတစ်ခုနှင့်တစ်ခု ကွာခြားမှုကိုလည်း ယခင်က သုည ဒသမ ၅ တန်မှ သုည ဒသမ ၉ တန်သို့ ပြောင်းလဲခဲ့ပြီးဖြစ်သည့်အတွက် တန်တိုးခြင်းကိစ္စကို ခွင့်ပြုပေးရန်ခက်ခဲကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခင်နှစ်က ပဲခူးတိုင်းရှိ တိုးဂိတ်တစ်ခုတွင် ကတ္တားချိန်ရာ၌ ကားမောင်းသူနှင့် ဌာနဝန်ထမ်းများ အငြင်းပွားရာမှာ အလေးချိန်များ ပြန်ညှိရာတွင် ကုန်တစ်တန်နီးပါး လျော့ကျသွားခြင်းဖြစ်ကြောင်း ရန်ကုန်-မူဆယ် ကုန်ကားမောင်းသူ ဦးတင်မောင်က ပြောဆိုသည်။

၁၈ ဘီး၊ ၂၂ ဘီးကားများသည် စီမံကိန်းပစ္စည်းများဖြစ်သည့် သံချောင်း၊ ဘိလပ်မြေနှင့် စက်ပစ္စည်းများတင်ရခြင်း ဖြစ်သောကြောင့် လုပ်ငန်းရှားပါးသည့်အချိန်တွင် တန်ချိန်များလျှော့ချခြင်းမှာ ကုန်တင်ကားလောကအတွက် ထိခိုက်မှုများ ဖြစ်နေကြောင်း ၎င်းက ဆိုသည်။

J-13