News

POST TYPE

LATEST NEWS POST

ဘဏ္ဍာငွေအလွဲသုံးစားလုပ်သည်ဟု စွပ်စွဲခံထားရသော ပြည်နယ်ဝန်ကြီးနှင့် ပတ်သက်၍ မြို့နယ် ၅ ခုတွင် စစ်ဆေးပြီးစီး
စစ်တွေ၊ ဧပြီ ၂၄ 

ဘဏ္ဍာငွေ အလွဲသုံးစားလုပ်သည်ဟု စွပ်စွဲခံရသည့် ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းနှင့် ပတ်သက်၍ အဆင့်မြင့်ဈေးဆောက်မည့် မြို့နယ် ၅ ခုကို စစ်ဆေးပြီးဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ပြောဆိုသည်။

အဆိုပါဝန်ကြီးသည် ဘဏ္ဍာရေးနှစ်အလိုက် ပြည်နယ်၏ ခွင့်ပြုရန်ပုံငွေများကို စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်းမရှိသောကြောင့် မြို့နယ်အလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွင်း ထိခိုက်ဆုံးရှုံးမှုများရှိ၍ တာဝန်မှရပ်စဲပေးရန် လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက လက်မှတ်ရေးထိုးကာ ပြည်နယ်လွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။ 

ထို့အပြင် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လတာ မီနီဘတ်ဂျက် ဥပဒေ ( မူကြမ်း) တွင် လွှတ်တော်၌ အဆိုပြုထားကြသော လုပ်ငန်းများအတိုင်း မဟုတ်ဘဲ လုပ်ငန်းသစ်များ၊ လုပ်ငန်းအတွက် အမှန်တကယ် ကုန်ကျမည့်ငွေကြေးထက် ပိုမိုတောင်းခံခြင်း၊ လွှတ်တော်က ပယ်ဖျက်လိုက်သော ဈေးသစ် ၅ ခု ထပ်မံ၍ ပါဝင်လာခြင်း၊ တင်ဒါခေါ်ယူရာ ဒေသခံကုမ္ပဏီများကို ဦးစားမပေးခြင်း စသည်တို့ကြောင့်လည်း ပါဝင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုကြသည်။

“အခုတော့ သက်ဆိုင်ရာမြို့နယ်တွေမှာ စိစစ်မယ့် အချက်အလက်တွေ လုပ်နေသေးတယ်။ ဒီအမှုနဲ့ပတ်သက်လို့ ထွက်ဆိုမယ့် သက်သေတွေကိုတော့ လူတွေ့စစ်ပြီးတော့ သက်ဆိုင်ရာကို ကြားနာစစ်ဆေးမယ်။ ပြီးတော့ သက်ဆိုင်ရာကို စွဲချက်တင်မယ်”ဟု ဦးနိုင်ကြွေအေးက ပြောသည်။

ယင်းစုံစမ်းစစ်ဆေးရေးအဖွဲ့တွင် သံတွဲမြို့နယ်မှ NLD ကိုယ်စားပြု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေး ဦးဆောင်ကာ ကိုယ်စားလှယ် ၅ ဦးဖြင့် ပြည်နယ်လွှတ်တော်က ဧပြီလ ၅ ရက်က ဖွဲ့စည်းလိုက်ပြီး စစ်ဆေးချက် အစီရင်ခံစာကို မေလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ လွှတ်တော်သို့ တင်ပြရမည်ဖြစ်သည်။

စွပ်စွဲခံနေရသော ပြည်နယ်ဝန်ကြီး ဦးကျော်အေးသိန်းသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ တစ်ဦးမဟုတ်ဘဲ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပညာရှင်အဖြစ် အဆိုပြုခန့်အပ်ထားခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသက်တမ်း ၂ နှစ်အတွင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင် (တောင်ကုတ်မြို့နယ် မဲဆန္ဒနယ်၊ NLD) မှာလည်း နိုင်ငံတော်က ဥပဒေအရပေးအပ်သော တာဝန်များကို ကျေပွန်ဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် ပြည်သူလူထု၏ အိုးအိမ်များကို ထိခိုက်နစ်နာမှုများရှိ၍ ဇန်နဝါရီလ ၁၈ ရက်နေ့က နိုင်ငံတော်သမ္မတက တာဝန်မှ ရပ်စဲလိုက်သည်။

R-22