POST TYPE

LATEST NEWS POST

အလုပ်သမားမှတ်ပုံတင်ကတ် အတုပြုလုပ်သူနှင့် ရောင်းချနေသူ ၁၇ ဦးကို ဖမ်းမိ
ရန်ကုန်၊ ဧပြီ ၂၄

လှိုင်သာယာမြို့နယ်၊ (၈) ရပ်ကွက်၊ ရန်ကုန်-ညောင်တုန်း ကားလမ်းဘေးရှိ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ရုံးဝင်းအနီးတွင် ဧပြီလ ၂၃ ရက် မွန်းလွဲပိုင်းက အလုပ်သမား မှတ်ပုံတင်ကတ်အတုများ ရောင်းချနေသည့် အမျိုးသား ၁၇ ဦးကို ဖမ်းမိပြီးနောက် စစ်ဆေးရာမှ ယင်းကတ်များ အတုပြုလုပ်နေသည့် အမျိုးသားတစ်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“အလုပ်သမား မှတ်ပုံတင်ကတ် အတုတွေ ရောင်းနေတယ်သတင်းရလို့ ဌာနဆိုင်ရာနဲ့အတူ သက်သေတွေနဲ့ သွားရောက်စစ်ဆေးဖမ်းဆီးခဲ့တာပါ။ အခုဖမ်းမိထားတဲ့ ၁၇ ယောက်က ကတ်အတု လုပ်ရောင်းနေတဲ့သူဆီက တစ်ကတ်ကို တစ်ထောင်ကျပ်နဲ့ဝယ်ပြီး သုံးလေးငါးထောင်နဲ့ လိမ်ရောင်းနေကြတာ”ဟု ရဲအရာရှိက ပြောသည်။

အဆိုပါ အလုပ်သမားမှတ်ပုံတင် ကတ်အတုများ လှည့်လည်ရောင်းချနေသည့် အဖွဲ့ကို အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနရုံးဝင်းအနီးနှင့် ကျန်စစ်မင်းအိမ်ရာဝင်းရှိ လမ်းသွယ်များတွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို စစ်ဆေးရာ ယင်းကတ်အတုများကို လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းကျေးရွာတွင် နေထိုင်သော အေးကိုနှင့်တင်မြင့်တို့ထံမှ ဝယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ယင်းနောက် အဆိုပါနေ့ညနေပိုင်းတွင် အေးကိုနှင့်တင်မြင့်တို့၏ နေအိမ်တို့ကို ဝင်ရောက်ရှာဖွေခဲ့ရာ အေးကိုမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး အသက် ၄၄ နှစ် တင်မြင့် (ခ) ကုလားကို ဖမ်းဆီးရမိပြီးနောက် အလုပ်သမား မှတ်ပုံတင်ကတ် ပြုလုပ်ရာတွင် အသုံးပြုသည့် တံဆိပ်တုံးများ၊ တံဆိပ်ရိုက်မင်ပြားများနှင့်အတူ ကတ်အတု ၃၀၀ ကတ်နီးပါးကို သိမ်းဆည်းရမိခဲ့သောကြောင့် တင်မြင့်အပါအဝင် ကတ်အတုများ ရောင်းချသူတို့ကို လှိုင်သာယာမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၆၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03