News

POST TYPE

LATEST NEWS POST

တပ်မတော်ကို နိုင်ငံတကာခုံရုံးတင်ရန် ကချင်အရပ်ဘက်အဖွဲ့များ တောင်းဆို
24-Apr-2018

ရန်ကုန်၊ ဧပြီ ၂၄

ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေနှင့် တပ်မတော်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) တင်ရန် ကချင်အရပ်ဘက် လူမှုအဖွဲ့အစည်းများက ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်လိုက်သည်။

ကချင်လူမှုအဖွဲ့အစည်း ၃၂ ခုပါဝင် တောင်းဆိုထားပြီး အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် အဆိုပါထုတ်ပြန်ချက်ကို ဧပြီလ ၂၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ တိုက်ပွဲများ စတင်ဖြစ်ပွားသည့် ၂၀၁၁ ခုနှစ်မှ လက်ရှိကာလအတွင်း တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ နေရပ်ရွှေ့ပြောင်းစေမှုများ၊ အရပ်သားများကို သတ်ဖြတ်မှုများ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဖြတ်တောက်မှုများစသည့် အချက်များကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကချင်ဒေသတွင် စစ်ပွဲဖြစ်ပွားနေသည်မှာ ခုနှစ်နှစ်ခန့် ကြာမြင့်နေပြီဖြစ်သော်လည်း တိုက်ပွဲများ ရပ်သွားခြင်းမရှိဘဲ ပြည်သူလူထုမှ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည့်အတွက် အဆိုပါ ထုတ်ပြန်ချက်ထုတ်ကာ တိုက်တွန်းရခြင်းဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောကြားသည်။

ကချင်ပြည်နယ်အတွင်း တပ်မတော်၏ တိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှု မြောက်နေသည့်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီခရီးစဉ် မတိုင်မီ ယင်းသို့ ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဘယ်လောက်ထိ ထိရောက်မလဲ ဆိုတာကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီထဲမှာ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံအထဲမှာ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံက ဆက်ပြီး ကန့်ကွက်ပေးမယ်ဆိုရင်တော့ ကျွန်မတို့ ဒီထုတ်ပြန်ချက်က ဘယ်လိုမှတော့ ထိရောက်မှာမဟုတ်ဘူး။ ကျွန်မတို့အနေနဲ့ ဒီ UN လုပ်ငန်းစဉ်က ကောက်ရိုးတစ်မျှင်အနေနဲ့ နောက်ဆုံးလုပ်ဆောက်တဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင် ကချင်ပြည်နယ် တနိုင်း-ဟူးကောင်း ဒေသများတွင် တပ်မတော်နှင့် ကေအိုင်အိုတို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသခံများ စစ်ဘေးရှောင်နေကြဆဲဖြစ်သည်။

လာမည့် လကုန်ပိုင်းတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံက မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်ရှိနေပြီး ရခိုင်ပြည်နယ်နှင့် နေပြည်တော်သို့ သွားရောက်မည်ဟု နိုင်ငံခြားရေးက ပြောကြားထားသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် အခြေစိုက်၍ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံအဖြစ် တရုတ်၊ ပြစ်သစ်၊ ရုရှား၊ ယူကေနှင့် အမေရိကန်နိုင်ငံတို့က တာဝန်ယူထားပြီး အလှည့်ကျအဖွဲ့ဝင် ၁၀ နိုင်ငံဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ 

J-08


  • VIA