News

POST TYPE

LATEST NEWS POST

FDA ဝန်ထမ်း အသတ်ခံရမှု စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ချမည်
ရန်ကုန်၊ ဧပြီ ၂၃

FDA ဝန်ထမ်းအမျိုးသမီး သတ်ဖြတ်မုဒိမ်းကျင့်ခံရမှုမှ ဖမ်းဆီးထားသော အငှားယာဉ်မောင်း အမျိုးသားကို တရားစွဲဆိုထားသည့် ပုဒ်မများဖြင့် စွဲချက်တင် စစ်ဆေးသင့်မသင့်ကို လာမည့် ရုံးချိန်းတွင် တရားသူကြီးက အမိန့်ချမှတ်မည်ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင်တရားရုံးထံမှ သိရသည်။

လူသတ်မှု ပုဒ်မ ၃၀၂၊ မုဒိမ်းမှု ပုဒ်မ ၃၇၆၊ ဓမ္မတာနှင့် ဆန့်ကျင်ပြီး လိင်ဆက်ဆံမှု ပုဒ်မ ၃၇၇၊ လုယက်မှု ပုဒ်မ ၃၉၄ တို့ဖြင့် အရှေ့ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆို စစ်ဆေးခံနေရသော အငှားယာဉ်မောင်း မျိုးဇော်ဦး (ခ) ဆီဒိုးနား၏ အမှုကို ဧပြီလ ၂၃ ရက်နေ့က ရုံးထုတ်စစ်ဆေးခဲ့ပြီး ယင်းရုံးချိန်းတွင် တရားလိုပြ သက်သေသုံးဦးအဖြစ် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှ မြို့နယ်ရဲမှူးနှင့် တရားရုံးမှ တွဲဖက်တရားသူကြီးနှစ်ဦးတို့ကို စစ်ဆေးခဲ့သည်။

“ဒီအမှုက တရားလိုဘက်က သက်သေတွေကို အကုန်စစ်ဆေးပြီးသွားပြီမို့ လာမယ့်ရုံးချိန်းမှာ စွပ်စွဲခံရသူ မျိုးဇော်ဦးကို စွဲချက်တင်သင့် မတင်သင့် အမိန့်ချမယ်။ အဲရုံးချိန်းမှာပဲ ဆရာတို့ဘက်က မျိုးဇော်ဦး ရဲမှာထွက်ဆိုထားတဲ့ ဖြောင့်ချက်ကို ပြန်လည်ရုပ်သိမ်းမယ်။ ဘာကြောင့်လဲဆို ရဲက အတင်းမေးလို့ ကြောက်လန့်ပြီး သူဖြေခဲ့ရတယ်လို့ မျိုးဇော်ဦးက ပြောတယ်။ ပြီးတော့ သူက အဓမ္မမပြုကျင့်ခဲ့ဘူးလို့ ဆရာတို့ကို ပြောထားတယ်”ဟု မျိုးဇော်ဦးဘက်မှ အမှုလိုက်ပါဆောင်ရွက်ပေးနေသော အထက်တန်းရှေ့နေ ဦးမောင်မောင်စိုးက ပြောသည်။

ဧပြီလ ၃၀ ရက်နေ့ ရုံးချိန်းတွင် စွဲချက်တင်သင့် မတင်သင့်ကို အမိန့်ချမှတ်ခံရမည့် အငှားယာဉ်မောင်း မျိုးဇော်ဦးမှာ လှည်းတန်းလမ်းဆုံမှ ဒဂုံမြို့နယ်သို့ ကျပ် ၂၅၀၀ ဖြင့် ငှား၍ လိုက်ပို့ခိုင်းသည့် ခရီးသည် အမျိုးသမီးတစ်ဦးကို ယာဉ်အတွင်း လေအေးပေးစက်ဖွင့်ပေးခ ကျပ် ၁၀၀၀ ပိုတောင်းရာမှ နှစ်ဦးစကားများခဲ့ပြီးနောက် ၎င်းက အမျိုးသမီး၏လည်ပင်းကို ဝက်အူလှည့်ဖြင့်ထိုးပြီး လည်ပင်းညှစ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းနောက် အငှားယာဉ်မောင်းက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ၃၃ ရပ်ကွက်ရှိ ငမိုးရိပ်ချောင်းအနီးသို့ ယာဉ်ကို မောင်းနှင်လာခဲ့ပြီး ခရီးသည်အမျိုးသမီး၏ လက်ဝတ်ပစ္စည်းများနှင့် လက်ကိုင်ဖုန်းတို့ကို ယူဆောင်ပြီး သားမယားအဖြစ် အဓမ္မပြုကျင့်ဆက်ဆံပြီးနောက် ရုပ်အလောင်းကို ငမိုးရိပ်ချောင်းကူး တံတားဘေးရှိ ကုလားမန်ကျည်းပင်အောက်တွင် စွန့်ပစ်ထားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လူသတ်ပြီး အလောင်းစွန့်ပစ်ထားသည့် အမျိုးသမီး၏ အမှုကို စုံစမ်းစစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဒဂုံမြို့မရဲစခန်းမှ လူပျောက်တိုင်ချက်ဖွင့်ထားသော နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဒုကြီးကြပ်ရေးမှူး မရွှေရည်ဝင်းဖြစ်ကြောင်း သိရှိခဲ့ပြီးနောက် ပျောက်ဆုံးနေသော မရွှေရည်ဝင်း၏ လက်ကိုင်ဖုန်းကို ယုဇနပလာဇာရှိ ဖုန်းပြင်ဆိုင်တစ်ဆိုင်တွင် ဖုန်းဆော့ဖ်ဝဲ လာထည့်သူ အငှားယာဉ်မောင်း မျိုးဇော်ဦးကို ရဲတပ်ဖွဲ့က သက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 

S-03