News

POST TYPE

LATEST NEWS POST

ကုလလုံခြုံရေးကောင်စီ ယခုလကုန်ပိုင်း မြန်မာနိုင်ငံသို့ လာမည်
ရန်ကုန်၊ ဧပြီ ၂၃

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံ ၁၅ နိုင်ငံမှ ကိုယ်စားလှယ်များသည် ဧပြီလ ၃၀ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး ခရီးစဉ်မှာ နှစ်ရက်ကြာမြင့်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက ပြောကြားသည်။

ခရီးစဉ်စတင်သည့်နေ့တွင် နေပြည်တော်သို့ သွားရောက်ကာ အစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံရန်ရှိပြီး ယင်းနောက်တွင် ရခိုင်ပြည်နယ် မောင်တောဒေသသို့ ဆက်လက်သွားရောက်ရန်လည်း စီစဉ်ထားကြောင်း ဦးကျော်မိုးထွန်းက ဆိုသည်။ 

“ရခိုင်ပြည်နယ် မောင်တောဘက်ပါ ပါမယ်။ နေပြည်တော်မှာ နေ့တစ်ဝက်ရောက်ရင် သက်ဆိုင်ရာဝန်ကြီးတွေနဲ့လည်း တွေ့ဖို့စီစဉ်ထားပါတယ်။ အသေးစိတ်တော့ ညှိနှိုင်းနေတယ်။ လူကြီးတွေအားတဲ့အပေါ်မှာ မူတည်တာပေါ့။ နိုင်ငံတော်အတိုင်ပင်ခံနဲ့လည်းတွေ့ဖို့ မေတ္တာရပ်ခံထားပါတယ်။ အချိန်တော့ ညှိနေပါတယ်”ဟု ၎င်းက ဆိုသည်။

ခရီးစဉ်တွင် ကုလလုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံမှ ကိုယ်စားလှယ် ၁၅ ဦး အပါအဝင် အာဆီယံအိမ်နီးချင်းနိုင်ငံ ငါးနိုင်ငံမှ ကိုယ်စားလှယ်များနှင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် စင်ကာပူနိုင်ငံမှ ကိုယ်စားလှယ်များလည်း ပါဝင်မည်ဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံသို့ လာရောက်ခွင့်ပြုရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းတည်းက စတင်တောင်းဆိုခဲ့ခြင်းဖြစ်ပြီး စတင်တောင်းဆိုစဉ်က မြန်မာအစိုးရက ငြင်းပယ်ခဲ့သော်လည်း လက်ရှိတွင် ဝင်ရောက်ခွင့်ပြုရန် ယခုလဆန်းပိုင်း (ဧပြီလ) က ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ခရီးစဉ်အတွင်း မြန်မာအစိုးရ၏ ဒုက္ခသည်များ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းပြသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားထားသည်။

အဆိုပါကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့သည် မြန်မာနိုင်ငံသို့ မလာရောက်မီ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အရင်သွားရောက်မည်ဖြစ်ပြီး ကော့စ်ဘဇာဒေသရှိ ဒုက္ခသည်စခန်းများကိုလည်း သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် အခြေစိုက်၍ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံအဖြစ် တရုတ်၊ ပြင်သစ်၊ ရုရှား၊ ယူကေနှင့် အမေရိကန်နိုင်ငံတို့က တာဝန်ယူထားပြီး အလှည့်ကျအဖွဲ့ဝင် ၁၀ နိုင်ငံဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

J-08