News

POST TYPE

LATEST NEWS POST

မွန်ပြည်နယ် မြို့နယ်အချို့တွင် သောက်သုံးရေပြတ်
23-Apr-2018


မော်လမြိုင်၊ ဧပြီ ၂၃

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် သောက်သုံးရေ ပြတ်လပ်မှု ဆိုးရွားစွာ ကြုံတွေ့နေရသည်ဟု ဒေသခံနှင့် ရေပေးဝေလှူဒါန်းနေသူတို့၏ ပြောပြချက်အရ သိရသည်။

မတ်လအကုန် ဧပြီလဆန်းပိုင်းမှစပြီး မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တို့တွင် သောက်သုံးရေ ပြတ်လပ်မှု ကြုံတွေ့နေရပြီး အထူးသဖြင့် ပေါင်မြို့နယ်၊ ဘီးလင်း၊ သထုံ၊ သံဖြူဇရပ်မြို့နယ်တို့တွင် ဆိုးဆိုးရွားရွား ဖြစ်ပွားနေသည်ဟု ဒေသခံတို့က ပြောသည်။

“သံဖြူဇရပ်မှာက လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေနဲ့ချီပြီး ရေ လုံးဝ မရှားပါးခဲ့ဖူးတဲ့ ရပ်ကွက်တွေ ရေရှားကုန်လို့ ရေတွေလိုက် ဝေနေရတယ်၊ ဒီလိုရှားတာ ၃ နှစ် ဆက်တိုက်ရှိပြီလို့ ပြောလို့ရတယ်၊ စံချိန်တင် ရေရှားပါးတယ်လို့ ပြောလို့ရတယ်”ဟု သံဖြူဇရပ်မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးထွန်းမြင့်ကျော်က ပြောသည်။

လက်ရှိတွင် ရေပေးဝေလှူဒါန်းသည့် ပရဟိတအသင်းအဖွဲ့နှင့် တာဝန်ရှိသူတို့၏ ကြိုးပမ်းဆောင်ရွက်မှုဖြင့် ရေလိုအပ်ချက်များကို ဖြည့်ဆည်းပေးဝေနိုင်ရန် စီစဉ်ထားသည်ဟု ၎င်းက ပြောသည်။ 

“ပေါင်မှာက နှစ်တိုင်းပဲ သောက်သုံးရေရှားမှု ဖြစ်နေတာ အခုဆိုရင် ရေ လာရောက်ပေးဝေမှ သောက်သုံးနေရတဲ့ အနေအထား ဖြစ်နေတယ်။ လွယ်လွယ်နဲ့ မိုးမရွာသေးဘူးဆိုရင် အခြေအနေ ပိုဆိုးလာနိုင်တယ်”ဟု ပေါင်မြို့နယ် အလှပ်ကျေးရွာမှ ဦးတင်အောင်က ပြောသည်။

ဘီးလင်းတွင်လည်း ကျေးရွာများတွင် သာမက မြို့ပေါ်ရပ်ကွက်များတွင်လည်း သောက်သုံးရေ ပြတ်လပ်မှု ဖြစ်ပေါ်နေကြောင်း၊ ရာသီဥတု ပူပြင်းသည့်အတွက် ရေတွင်း၊ ရေကန်များလည်း ခန်းခြောက်ကြောင်း အထူးသဖြင့် ပင်လယ်နှင့် နီးသည့်အပိုင်းတို့တွင် ပိုဆိုးနေသည်ဟု ဘီးလင်းမြို့ခံတစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် ယခုနှစ်နွေရာသီကာလ၌ မြို့နယ် ၅ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၃၇ ခုတို့တွင် ရေရှားပါးမှု ကြုံတွေ့နိုင်သည့် နေရာဒေသများဖြစ်ကြောင်း မွန်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ခန့်မှန်းထားသည်။

သို့သော်လည်း လက်တွေ့တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ခန့်မှန်းထားသည့် မြို့နယ် ၅ မြို့နယ်ထက်မက သောက်သုံးရေ ပြတ်လပ်ရှားပါးမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။

သောက်သုံးရေ ရှားပါးသည့် မြို့နယ်ကျေးရွာတို့တွင် ကျေးလက်ဦးစီးဌာန၊ သက်ဆိုင်ရာ မြို့နယ် မီးသတ်တပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့် ဒေသခံ အလှူရှင်တို့က သောက်သုံးရေများ ပေးဝေလှူဒါန်းလျက်ရှိသည်။

Dawei Watch