News

POST TYPE

LATEST NEWS POST

သဘာဝဘေးခိုလှုံရန် ပြည်နယ်နှင့်တိုင်းလေးခု၌ အဆောက်အအုံ ၈၇ လုံး ဆောက်မည်
23-Apr-2018
ရန်ကုန်၊ ဧပြီ ၂၂

သဘာဝဘေးသင့်မှု အရေးပေါ်ကာလများတွင် ခိုလှုံနိုင်ရန် ပြည်နယ်နှင့်တိုင်းလေးခု၌ အဆောက်အအုံ ၈၇ လုံး ဆောက်လုပ်ရန်စီစဉ်နေပြီး ယခုနှစ်အတွင်း လုပ်ငန်းစတင်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောကြားသည်။

“အဓိကလိုတဲ့ ပြည်နယ်နဲ့တိုင်းတွေမှာ ဆောက်မယ်။ ဘေးအန္တရာယ် အကာအကွယ်ပေးမယ့် အဆောက်အအုံဖြစ်တော့ စနစ်တကျနဲ့ ခိုင်မာအောင် လုပ်ရမယ့်အပိုင်းတွေရှိတယ်။ ဒီနှစ်ထဲတော့ လုပ်ငန်းစနိုင်မှာပါ”ဟု ၎င်းက ဆိုသည်။

ဘေးအန္တရာယ်အဆောက်အအုံ တည်ဆောက်ရန် လျာထားချက်စာရင်းအရ ဧရာဝတီတိုင်းတွင် ၅၇ လုံး၊ ချင်းပြည်နယ်တွင် သုံးလုံး၊ ရခိုင်ပြည်နယ်တွင် ၂၆ လုံး အပါအဝင် ရှမ်းပြည်နယ်တွင်တစ်လုံး ဆောက်လုပ်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။

ထို့အပြင် ယခင်က သဘာဝဘေးအန္တရာယ် ခိုလှုံရန် ဆောက်လုပ်ခဲ့သော အဆောက်အအုံများသည် ထုထည်ကြီးမား၍ ငွေကုန်ကြေးကျခံ တည်ဆောက်ထားသော်လည်း သဘာဝဘေးဒဏ်နှင့် အမှန်တကယ်ကြုံတွေ့ပါက အဆိုပါ အဆောက်အအုံသို့ လာရောက်ရန် ကျေးရွာများနှင့် အလှမ်းဝေးကွာမှု မကြာခဏဖြစ်ပေါ်နေခြင်းကြောင့် ယခုအခါတွင် ကျေးရွာအလိုက် လိုအပ်မှုအပေါ်မူတည်ကာ တည်ဆောက်ပေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနထံမှ သိရသည်။

“သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုတွေက နှောင့်နှေးမှု ရှိသေးတယ်။ တကယ့်အရေးပေါ် အခြေအနေတွေဆို ခရီးမရောက်ဘူး။ နောက်ပြီးတော့ သဘာဝဘေးဒဏ်နဲ့ အသက်ဆုံးရှုံးရင် ကျပ်တစ်သိန်းလောက်ပဲ ထောက်ပံ့ပေးတဲ့စနစ်က ပြင်သင့်တယ်။ ဘတ်ဂျက် လျာထားချက်လည်း မြှင့်ဖို့လိုပြီလေ”ဟု ၂၀၁၈ ခုနှစ်က လူအသေအပျောက် အများဆုံးဖြစ်ခဲ့သည့် နာဂစ်မုန်တိုင်းသင့် ပြည်သူများ၏ ကယ်ဆယ်ရေးအစီအစဉ်များ စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားပေးခဲ့ဖူးသူတစ်ဦးက ဆိုသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင် (ယခင်) ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနဟု အမည်ပြောင်းလဲခဲ့သည်။

J-17


  • VIA