News

POST TYPE

LATEST NEWS POST

မိတ္ထီလာတွင် ကြက်သွန်နီဈေး ဆက်တိုက်ကျ
23-Apr-2018



မိတ္ထီလာ၊ ဧပြီ ၂၂

မိတ္ထီလာဒေသထွက် ကြက်သွန်နီအသစ် အဝင်များနေသောကြောင့် ဈေးဆက်တိုက်ကျနေကြောင်း မိတ္ထီလာ ကုန်စည်ဒိုင်ထံမှ သိရသည်။ 

သင်္ကြန်မတိုင်မီက ကြက်သွန်နီ ပိဿာတစ်ရာလျှင် အရည်အသွေးကိုလိုက်၍ ကျပ် ၆၀,၀၀၀ မှ ၆၅,၀၀၀ ကျပ်ခန့် (တောဈေး) ရှိခဲ့သော်လည်း၊ လက်ရှိပေါက်ဈေးမှာ ပိဿာတစ်ရာလျှင် ကျပ် ၅၅,၀၀၀ မှ ၆၀,၀၀၀ (တောဈေး) ဝန်းကျင်သာရှိတော့ကြောင်း၊ လက်လီဈေးနှင့်လက်ကားဈေးမှာ တစ်ပိဿာလျှင် ကျပ်တစ်ရာကျော်ဈေးကွာကြောင်း ဒေသခံ ကြက်သွန်ကုန်သည်များထံမှလည်း သိရသည်။

“အခုနေက ပင်သေပင်ခြောက် (ကြက်သွန် သိုလှောင်ရန် အဆင်သင့်ဖြစ်နေသော အနေအထား) ကို ပဲဝယ်ကြတော့မှာ။ မိတ္ထီလာကြက်သွန်က လှောင်လို့ရတဲ့ အနေအထားဖြစ်နေပြီ။ မြစ်သားအစပြီးရင် မိတ္ထီလာအစက အကောင်းဆုံးဖြစ်နေတယ်။ မလှိုင်ဘက်ကထွက်တဲ့ ကြက်သွန်က အရည်အသွေး နည်းနည်းလျော့တယ်။ လှောင်သမားတွေကတော့ ဈေးဆက်ကျဦးမလားဆိုပြီး စောင့်နေတယ်။ လှောင်သမားဝယ်ပြီဆိုရင်တော့ ဈေးတက်လိမ့်မယ်”ဟု မိတ္ထီလာမြို့ခံ ကြက်သွန်ကုန်သည် ဦးကျော်ကျော်လင်းက ပြောကြားသည်။

မလှိုင်ဈေးကွက်တွင်မူ ဒေသထွက် ကြက်သွန်ပေါက်ဈေးမှာ သင်္ကြန်မတိုင်မီနှင့် သင်္ကြန်ပြီးကာလပေါက်ဈေး အပြောင်းအလဲမရှိဘဲ ပိဿာတစ်ရာလျှင် ၅၃,၀၀၀ ကျပ်မှ ၅၇,၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေကြောင်း မလှိုင်မြို့မှ ကြက်သွန်ပွဲရုံ လုပ်ငန်းရှင် ဦးကျော်သက်ထွန်းက ပြောဆိုသည်။ 

လက်ရှိတွင် မိတ္ထီလာဒေသထွက် ကြက်သွန်ကို ရန်ကုန်၊ တောင်ကြီး၊ ကျိုင်းတုံနှင့် တာချီလိတ်ဘက်မှ အဝယ်လိုက်နေကြောင်း မိတ္ထီလာ ကြက်သွန်နီဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ 

R-01

  • VIA