News

POST TYPE

LATEST NEWS POST

မန္တလေးအိုးဘိုအကျဉ်းထောင်တွင် အကျဉ်းသားချင်းရန်ဖြစ်ရာမှ တစ်ဦးသေဆုံး
22-Apr-2018 tagged as မန္တလေး

မန္တလေး၊ ဧပြီ ၂၂

မန္တလေးဗဟို (အိုးဘို) အကျဉ်းထောင်တွင် ဧပြီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက အကျဉ်းသားချင်း ရန်ဖြစ်ရာမှ အမှုရင်ဆိုင်နေဆဲ အချုပ်သားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ယင်းအကျဉ်းထောင်တာဝန်ရှိသူများထံမှ သိရသည်။

“ဖြစ်တာကတော့ ခဏလေးပဲ။ အဲ့ဒီမှာ ဝိုင်းထိုးခံရတဲ့သူကို ဆေးရုံတင်တော့ သေသွားခဲ့တယ်။ ပြင်ပဒဏ်ရာတော့ မရှိဘူး။ ငါးယောက်လောက် ဝိုင်းထိုးကြတဲ့ဒဏ်ကြောင့် သေသွားတယ်လို့ ယူဆရပါတယ်။ ဆေးစာမထွက်လာသေးတော့ အတိအကျပြောလို့ မရသေးပါဘူး”ဟု မန္တလေးအိုးဘို အကျဉ်းထောင်မှ ထောင်ပိုင်ကြီး ဦးချိုဝင်းထွန်းက ပြောကြားသည်။

ယင်းနေ့ မွန်းလွဲ ၃ နာရီကျော်ခန့်အချိန်က အိမ်ကျော်နင်းမှုဖြင့် ချမ်းအေးသာစံမြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်နေရပြီး အကျဉ်းထောင်တွင် ချုပ်နှောင်ခံထားရသည့် အသက် ၃၁ နှစ်အရွယ်ရှိ အချုပ်သား ကျော်မျိုးသူသည် ချမ်းအေးသာစံမြို့နယ် တရားရုံးတွင်ပင် မူးယစ်ဆေးဝါးမှုဖြင့် အမှုရင်ဆိုင်နေရသည့် အသက် ၂၀ အရွယ် ကျော်ပြည့်ဖြိုးပိုင် (ခ) ပေါက်စအား လမ်းဖယ်ခိုင်းရာမှ စကားများရန်ဖြစ်ခဲ့ကြောင်း၊ ယင်းသို့ စကားများရန်ဖြစ်ရာ၌ ကျော်ပြည့်ဖြိုးပိုင်နှင့် အမှုတွဲတူသည့် အသက် ၂၄ နှစ်အရွယ်ရှိ အချုပ်သား စည်သူအောင်က ဝင်ရောက် ထိုးကြိတ်ခဲ့သည့်အပြင် အသက် ၂၆ နှစ်အရွယ်ရှိ ဇော်ဇော် (ခ) ငယ်လေး၊ အသက် ၂၁ နှစ်အရွယ်ရှိ အောင်ကိုကိုနှင့် အသက် ၂၃ နှစ်အရွယ်ရှိ စိုင်းသူရနိုင် (ခ) ကိုစိုင်းတို့ကလည်း ကျော်ပြည့်ဖြိုးပိုင်ဘက်မှ ဝင်ရောက်ထိုးကြိတ်ခဲ့ကြကြောင်း အိုးဘိုအကျဉ်းထောင်ထံမှ သိရသည်။

“ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဝိုင်းထိုးတဲ့ငါးယောက်ကို ထောင်ကပဲ တရားလိုလုပ်ပြီးတော့ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားပါတယ်”ဟု ထောင်ပိုင်ကြီး ဦးချိုဝင်းထွန်းက ပြောကြားသည်။

ယင်းအပြင် တာဝန်ကျထောင်ဝန်ထမ်းများကိုလည်း တာဝန်ပေါ့လျော့မှုဖြင့် အရေးယူသွားမည်ဖြစ်ကာ အကျဉ်းထောင်တွင် တာဝန်အရှိဆုံးဖြစ်သည့် မိမိကိုယ်တိုင်လည်း အရေးယူခံရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

“သူ (ကျော်မျိုးသူ) ရင်ဆိုင်နေရတဲ့အမှုက နှစ်လလောက်ရှိပြီ။ အမှုစစစ်ကတည်းက တရားလိုဘက်က တစ်ယောက်မှ မလာတဲ့အတွက် လာမယ့် ၂၅ ရက် ၂၆ ရက်လောက်ဆိုရင် အမှုက လွတ်တော့မယ်လို့ မှန်းထားတာ။ အခုလိုဖြစ်သွားတာက ဗဟိုအကျဉ်းထောင်ထဲမှာ အကျဉ်းသားတွေရဲ့ လုံခြုံရေးကို ဝန်ထမ်းတွေ လျော့တိလျောရဲထားတယ်လို့ပဲ မြင်တယ်”ဟု သေဆုံးသူ၏ မိသားစုဝင်တစ်ဦးဖြစ်သူ ဦးထူးမောင်က ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒုတိယကြီးကြပ်ရေးမှူး ဦးမြင့်ရှိန်က တရားလိုပြုလုပ်တိုင်ခဲ့သည့်အတွက် အသက်သေဆုံးသည်အထိ ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြသော အချုပ်သားငါးဦးကို အောင်မြေသာစံမြို့နယ် အမှတ် (၂) နယ် မြေရဲစခန်းက (ပ)၁၃၀/ ၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

M-04