News

POST TYPE

LATEST NEWS POST

အပစ်အခတ် ရပ်စဲရေးအကြောင်း ဘားအံတွင် ရှင်းလင်း
21-Apr-2018 tagged as

ဘားအံ၊ ဧပြီ ၂၁

ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMCS)သည် ၎င်းတို့၏လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ပြည်သူများကို ရှင်းပြနိုင်ရန်နှင့် ပြည်သူများမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လုပ်ဆောင်နေမှု အခြေအနေများကို သိရှိစေရန်အတွက် လူထုတွေ့ဆုံပွဲတစ်ရပ်ကို ဘားအံမြို့နယ်၊ အိန္ဒု တိုက်နယ်ရှိ မွန်ဘုန်းကြီးကျောင်းတွင် ဧပြီ ၂၁ ရက်က ကျင်းပပြုလုပ်ခဲ့သည်။

ယင်းတွေ့ဆုံပွဲသို့ အိန္ဒုတိုက်နယ်ရှိ ကျေးရွာ ၄ ရွာမှ ပြည်သူ ၃၅၀ ကျော် တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေး ရရှိရေးအတွက် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ စောင့်ကြည့်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် နှစ်ဖက်တပ်များ၊ အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းများ လုပ်ဆောင်နေရုံဖြင့် လုံလောက်မှု မရှိသည့်အတွက် ထိုသို့ လူထုတွေ့ဆုံပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း အဆိုပါကော်မတီကဆိုသည်။

“အခု ကျွန်တော်တို့သွားနေတာက ငြိမ်းချမ်းရေးပန်းတိုင်ကို သွားနေတာ ဖြစ်ပါတယ်။ ဒါက တစ်ဖက်တည်းက လုပ်လို့မရဘူး၊ အစိုးရရယ်၊ လက်နက်ကိုင်အဖွဲ့တွေရယ်၊ အရပ်သား အစုအဖွဲ့တွေရယ် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စောင့်ကြည့်ရေး လုပ်ဆောင်နေတယ်။ အဲဒီမှာ ပြည်သူက JMC ကိုဘယ်လိုမြင်လဲ၊ ဘယ်လိုသဘောရလဲ၊ ဘာတွေဖြစ်စေချင်လဲဆိုတာ ရှိလာတယ်။ အဲဒီအတွက် ကျွန်တော်တို့ တွေ့ဆုံပွဲလုပ်ရတာ ဖြစ်တယ်”ဟု ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMCS) မှ ဒုတိယ ဥက္ကဋ္ဌ(၁) ဗိုလ်မှူးကြီး စောဖောဒို (KNU တပ်မဟာ ၇)က ပြောကြားသည်။

ထိုတွေ့ဆုံပွဲတွင် JMC ဖွဲ့စည်းပုံနှင့် လုပ်ငန်းစဉ်များကို ရှင်းပြခြင်း၊ တစ်မျိုးသားလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ဖြစ်ပေါ်လာပုံ၊ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့အကြား သဘောတူညီထားသည့် ပစ်ခတ်မှုရပ်စဲရေးဆိုင်ရာ ကတိကဝတ်များနှင့် ကျင့်ဝတ်များ၊ JMCS အနေနှင့် တိုင်ကြားစာများနှင့် အငြင်းပွားဖွယ်ရာများအတွက် လုပ်ဆောင်နေမှုများကို ရှင်းလင်းပြီးနောက် အရပ်သားများ သိလိုသည်များနှင့် အကြံဉာဏ်များကို တောင်းခံခဲ့ကြောင်း ယင်းဆွေးနွေးပွဲအရ သိရသည်။ 

“အနှစ် ၆၀ ကျော် စစ်မက်ဖြစ်ပွားလာလို့ ငြိမ်းချမ်းရေးက နှစ်တိုအတွင်း လုပ်လို့မရနိုင်ဘူးဆိုတာ နားလည်တယ်။ ဒါပေမဲ့ အမြန်ဆုံးတော့ ငြိမ်းချမ်းရေး ရချင်တယ်၊ JMCS အနေနဲ့ လုပ်ဆောင်နေတာ ရှိပေမယ့် အရပ်သားတွေသိရအောင် သတင်းထုတ်ပြန်တာ နည်းတယ်။ ခုလို လူထုတွေ့ဆုံပွဲလုပ်တာကို ဖိတ်ခေါ်ပါတယ်”ဟု အိန္ထဲကျေးရွာနေ ဦးမောင်ပုန်းက ပြောကြားသည်။

မတ်လ ဒုတိယပတ်အတွင်းက ကရင်ပြည်နယ် အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ပိုင်နယ်မြေအတွင်း နှစ်ဖက် စစ်တပ်များထိတွေ့သည့် တိုက်ပွဲငယ်အချို့ ရှိခဲ့သော်လည်း နှစ်ဖက်တပ်မှူးများက ရုံးစာ အဆက်အသွယ်များ ဖုန်းအဆက်အသွယ်များဖြင့် ညှိနှိုင်းဖျန်ဖြေမှုများကြောင့် တိုက်ပွဲများကြီးထွားလာခြင်းမရှိဘဲ အောင်မြင်အောင်ညှိနှိုင်းဖြေရှင်းနိုင်ခဲ့ကြောင်း JMC-S (ကရင်) အဖွဲ့ဝင် ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က ဆိုသည်။

R-17

  • TAGS