News

POST TYPE

LATEST NEWS POST

ထန်တလန်တွင် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမည်ကို ကန့်ကွက်
ကလေး၊ ဧပြီ ၂၁ 

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူရန်စီစဉ်မှုကို ချင်းတက္ကသိုလ်ကျောင်းသားများနှင့် ချင်းအရပ်ဘက် လူမှုအဖွဲ့အစည်းများက ကန့်ကွက်ကြောင်း ချင်းတက္ကသိုလ် ကျောင်းသားများနှင့် ချင်းအရပ်ဘက်လူမှု အဖွဲ့အစည်းများထံမှ သိရသည်။ 

ထန်တလန်တွင် ကျပ်သိန်းသုံးရာ ကုန်ကျခံ၍ ဗိုလ်ချုပ်ကြေးရုပ်တုစိုက်ထူမည့်အစား ချင်းပြည်နယ်အတွက် အမှန်တကယ် လိုအပ်လျက်ရှိသော ဖွံ့ဖြိုးရေးကဏ္ဍများကို ဦးစားပေး ဆောင်ရွက်ပေးရန် သဘောထား ကြေညာချက်ကို ယင်းအဖွဲ့အစည်းများက ထုတ်ပြန်ခဲ့သည်။ 

“ဗိုလ်ချုပ်ကြေးရုပ်တုကို မလုပ်လို့ မဖြစ်ဘူးဆိုခဲ့ရင်တောင်မှ သူတို့ဆန္ဒတစ်ခုတည်းမဟုတ်ဘဲ ထန်တလန်မြို့ပေါ်မှာရှိတဲ့ ပြည်သူလူထုဆန္ဒမေးမြန်း လူထုသဘောထားကောက်ယူပြီးမှ လုပ်စေချင်တယ်”ဟု ချင်းအရပ်ဘက်လူမှုအဖွဲ့အစည်း များကွန်ရက် ဥက္ကဋ္ဌ ဦးဟင်နရီရှန်ဘိစ်ကျုံးက ပြောဆိုသည်။ 

ထန်တလန်မြို့နယ်အတွင်း အများပြည်သူ အပန်းဖြေ အနားယူနိုင်ရန်အတွက် ယခုနှစ်ဘတ်ဂျက်တွင် ပန်းခြံပြုလုပ်ပြီး ပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူကာ ဗိုလ်ချုပ်ကို ဂုဏ်ပြုလို၍ ဗိုလ်ချုပ်ကြေးရုပ် ထားရှိရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗိုလ်ချုပ်ကြေးရုပ်နှင့် ပန်းခြံရှိပါက အာဇာနည်နေ့ကဲ့သို့သော အခမ်းအနားများကို ယခင်က ရုံးခန်းအတွင်း ပြုလုပ်ရာမှ ပန်းခြံပြီးပါက ပန်းခြံအတွင်း ကျင်းပနိုင်မည်ဟု ရည်ရွယ်ချက်များဖြင့် စီစဉ်နေခြင်းဖြစ်ကြောင်း ထန်တလန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစွမ်းထကက ပြောကြားသည်။

အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်နှင့် ပန်းခြံကို မည်သည့်နေရာတွင် ပြုလုပ်မည်ဆိုသည်ကို မြို့မိမြို့ဖအဖွဲ့နှင့် စည်ပင်သာယာရေးကော်မတီတို့ ပေါင်းစပ်ညှိနှိုင်းဆဲဖြစ်ပြီး ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမည့်ကိစ္စကို အရပ်ဘက် အဖွဲ့အစည်းများ ကန့်ကွက်နေသည့်အတွက် ထားရှိရန် သင့် မသင့်ဆိုသည်ကို သက်ဆိုင်ရာဌာန အဆင့်ဆင့်ကို တင်ပြထားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

R-20