News

POST TYPE

LATEST NEWS POST

မြောက်ကိုရီးယားမှ အမေရိကန်အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဝါရှင်တန် ကြိုးပမ်း
20-Apr-2018



ဝါရှင်တန်၊ ဧပြီ ၁၉

မြောက်ကိုရီးယားတွင် ထိန်းသိမ်းခံနေရသော အမေရိကန်အကျဉ်းသားများ လွတ်မြောက်ရေးအတွက် အခွင့်အလမ်းကောင်းများရှိနေသည်ဟု သမ္မတဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပြီး စီအိုင်အေညွှန်ကြားရေးမှူး မိုက်ပွန်ပီယိုကလည်း ကင်ဂျုံအန်းနှင့် လျှို့ဝှက်ဆွေးနွေးမှုတွင် ထိုကိစ္စကို တင်ပြခဲ့သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားတွင် အကျဉ်းသားအဖြစ် ထိန်းသိမ်းခံနေရသော အမေရိကန်သုံးဦး လွတ်မြောက်ရေးအတွက် ဆွေးနွေးမှုများ စတင်ပြုလုပ်နေသည်ဟု သမ္မတထရမ့်က ဗုဒ္ဓဟူးနေ့တွင် သတင်းထောက်များအား ပြောကြားသည်။

“အမေရိကန်သုံးဦး ပြန်လာနိုင်ဖို့ ကျုပ်တို့ ကြိုးစားပမ်းစားလှုပ်ရှားနေတယ်။ အခုအချိန်က အခွင့်ကောင်းလို့ထင်တယ်။ ကျုပ်တို့ ဆွေးနွေးမှုတွေ သိပ်ကောင်းနေတယ်”ဟု ထရမ့်က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။

အထိန်းသိမ်းခံ အမေရိကန်သုံးဦးအနက် နှစ်ဦးမှာ ရန်စမှုဖြင့် စွဲချက်တင်ခံရခြင်းဖြစ်ပြီး တတိယတစ်ဦးအပေါ် စွဲချက်ကိုမူ မသိရသေးပေ။

ပြီးခဲ့သော အီစတာရုံးပိတ်ရက်တွင် ပြုံယမ်းသို့ လျှို့ဝှက်သွားရောက်ခဲ့သူ ထရမ့်၏ နိုင်ငံခြားရေးဝန်ကြီး စာရင်းဝင် စီအိုင်အေညွှန်ကြားရေးမှူး မိုက်ပွန်ပီယိုသည် မြောက်ကိုရီးယား ခေါင်းဆောင်ကင်နှင့် တွေ့ဆုံစဉ် ယင်းကိစ္စကို တင်ပြဆွေးနွေးခဲ့သည်ဟု အိမ်ဖြူတော်အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

အကယ်၍ အမေရိကန်သုံးဦး အချုပ်ခံနေရဆဲအခြေအနေတွင် ကင်နှင့် တွေ့ဆုံရန် ရည်ရွယ်ပါသလားဟု မေးမြန်းသောအခါ ထရမ့်က တိုက်ရိုက်ဖြေကြားခြင်းမပြုဘဲ “အောင်မြင်မယ်လို့ မယူဆဘူးဆိုရင် ဒီတွေ့ဆုံမှုက ရှိလာမှာမဟုတ်ပါဘူး။ တကယ်လို့ ကောင်းမွန်တဲ့ရလဒ်တွေ မရဘူးဆိုရင် ကျုပ်က တလေးတစားနဲ့ အစည်းအဝေးကနေ ထွက်လာမှာပါ”ဟု ပြောကြားခဲ့သည်။

မြောက်ကိုရီးယားတို့ ဖမ်းထားသော ဂျပန်လူမျိုးများ၏ကိစ္စကိုလည်း ကင်ဂျုံအန်းအား တင်ပြပေးမည်ဟု ထရမ့်က ဂျပန်ဝန်ကြီးချုပ်ကို ကတိပေးသည်။

“ဒီကိစ္စအတွက် ကျုပ်တို့ ပြင်းပြင်းထန်ထန် ကြိုးပမ်းနေပါတယ်။ ဒီလူတွေ အိမ်ပြန်ရောက်ဖို့ ကျုပ်တို့ ကြိုးစားမှာပါ”ဟု ထရမ့်ကဆိုသည်။

ပြုံယမ်းက ဂျပန် ၁၃ ဦးကို ဖမ်းခဲ့သည်ဟု အတည်ပြုသော်လည်း တိုကျိုကမူ ဂျပန် ၁၇ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု ပြောကြားသည်။ မြောက်ကိုရီးယားတို့က အဆိုပါ ၁၃ ဦးအနက် ငါးဦးကို ပြန်လွှတ်လိုက်ပြီဖြစ်ပြီး အခြား ၈ ဦးမှာ သေဆုံးသွားပြီဟု ပြောကြားခဲ့သည်။ စာရင်းကွာဟနေသော ကျန် ၄ ဦးသည် မြောက်ကိုရီးယား ပိုင်နက်ထဲသို့ ဝင်ရောက်ခဲ့ခြင်းမရှိဟု ပြုံယမ်းက ငြင်းဆိုထားသည်။ 

F-04