News

POST TYPE

LATEST NEWS POST

ကမ္ဘာမြေနေ့အထိမ်းအမှတ် မန္တလေးတောင်ပတ်ဝန်းကျင်တွင် အမှိုက်ကောက်မည်
20-Apr-2018

မန္တလေး၊ ဧပြီ ၁၉

ကမ္ဘာမြေနေ့အထိမ်းအမှတ်အဖြစ် သတ်မှတ်ထားသော ဧပြီလ ၂၂ ရက်နေ့တွင် မန္တလေးတောင်ပတ်ဝန်းကျင်၌ အမှိုက်ကောက်လှုပ်ရှားမှုတစ်ခု Clean Mandalay Campaign နှင့် Trash Hero Mandalay တို့ ပူးပေါင်းပြုလုပ်မည်ဖြစ်ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

ယင်းနေ့ နံနက် ၇ နာရီခွဲမှ ၉ နာရီ ခွဲအတွင်း မန္တလေးတောင်အတက်အဆင်း ပြုလုပ်သည့် စောင်းတန်းတစ်လျှောက်တွင် အမှိုက်ကောက်ကာ အသိပညာပေးလုပ်ငန်းများလည်း လုပ်ဆောင်မည်ဟု ၎င်းတို့ကပြောဆိုသည်။

“ကျွန်တော်တို့အနေနဲ့ အမှိုက်ကို ပြောင်အောင်မကောက်နိုင်ဘူးဆိုတာ သေချာတယ်။ အဓိကတော့ အမှိုက်မပစ်ဖို့အရေးကြီးတယ်။ အသိပညာပေးတာ များများလုပ်ချင်တယ်။ အဲဒါကိုဦးစားပေးတယ်” ဟု Clean Mandalay Campaign ကို ဦးဆောင်သူ ဦးသန့်ဇော်က ပြောကြားသည်။

အဆိုပါနေ့သည် တနင်္ဂနွေနေ့ဖြစ်သည့်အတွက် မန္တလေးမြို့တော် သန့်ရှင်းရေးနေ့ဖြစ်ရာ မြို့တော်စည်ပင်သာယာရေးကော်မတီ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘုံဆွမ်းလောင်းအသင်းများ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ကောလိပ်များမှ ဆရာ၊ ဆရာမများနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန် ညှိနှိုင်းထားသည်ဟု ၎င်းက ပြောဆိုသည်။

အမှိုက်ကောက်လှုပ်ရှားမှုများ စဉ်ဆက်မပြတ်လုပ်ဆောင်နေသည့် Clean Mandalay Campaign နှင့် Trash Hero Mandalay တို့သည် ကမ္ဘာမြေနေ့အထိမ်းအမှတ်လှုပ်ရှားမှုကို ပထမဆုံးအကြိမ် ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်။

M-07