News

POST TYPE

LATEST NEWS POST

Canal+ ရုပ်သံလိုင်းကို အရေးယူနိုင်ရေး နစ်နာမှုများတိုင်ကြားရန် စားသုံးသူရေးရာ ဦးစီးဌာန ထုတ်ပြန်
20-Apr-2018



ရန်ကုန်၊ ဧပြီ ၁၉ 

Canal+ ရုပ်သံလိုင်းက သုံးစွဲသူပြည်သူများကို လုံလောက်သည့်တာဝန် ယူဖြေရှင်းပေးမှုမရှိပါက ၂၀၁၄ ခုနှစ် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးနိုင်ရန် နစ်နာသူများက နစ်နာသည့် အချက်အလက်များနှင့်တကွ စားသုံးသူရေးရာဦးစီးဌာနထံ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ယင်းဌာနက ထုတ်ပြန်သည်။ 

Forever Group Co.,Ltd. က 4TV ရုပ်သံလိုင်းများကို Canal+ ရုပ်သံလိုင်းများဖြင့် ပြောင်းလဲပြသခြင်းနှင့် ပတ်သက်၍ ကြည့်ရှုသူများက စားသုံးသူရေးရာဦးစီးဌာန Facebook Page မှတစ်ဆင့် စားသုံးသူရေးရာ ဦးစီးဌာနသို့ တိုင်ကြားလာသည့်အတွက် Forever Group မှ တာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံညှိနှိုင်းခဲ့ရာ Forever Group Co.,Ltd. နှင့် Canal+ Myanmar FG တို့က ဖြေရှင်းဆောင်ရွက်မည်ဟု သဘောတူညီချက်ရရှိခဲ့ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။ 

သဘောတူညီချက်ရရှိခဲ့ပြီးနောက်ပိုင်းတွင် Forever Group Co.,Ltd. နှင့် Canal+ Myanmar FG တို့က သုံးစွဲသူပြည်သူများကို သတင်းအချက်အလက် ဖြန့်ဝေမှုမရှိခြင်း၊ လုံလောက်သည့် တာဝန်ယူဖြေရှင်းပေးမှုမရှိခြင်းတို့ကြောင့် ပြည်သူများက စိတ်ကျေနပ်မှုမရှိသဖြင့် စားသုံးသူရေးရာ ဦးစီးဌာနထံ ထပ်မံတိုင်ကြားမှုများရှိလာကြောင်း စားသုံးသူရေးရာ ဦးစီးဌာနက ထုတ်ပြန်ထားသည်။

“4TV သုံးခဲ့တဲ့သူတွေ လာပြန်ပြောရင် စက်ကိုသင့်တင့်တဲ့နှုန်းနဲ့ ဆောင်ရွက်ပေးနေတာရှိတယ်။ Customer တွေကို ရုပ်ရှင်အသစ်တွေနဲ့ စာတန်းထိုးတာတွေကို အရည်အသွေးကိုလည်း ကျွန်မတို့ဘက်က တဖြည်းဖြည်းမြှင့်ပေးနေတယ်။ ဘယ်သူတွေ ဘာလို့တိုင်လဲတော့ မသိဘူး။ လောလောဆယ်တော့ စားသုံးသူရေးရာ ဦးစီးဌာနနဲ့ ထပ်မညှိရသေးဘူး။ လောလောဆယ် အမှုဆောင်အရာရှိချုပ်ကလည်း ခရီးလွန်နေတယ်ဆိုတော့” ဟု Canal+ ရုပ်သံလိုင်းမှ Communication Manager ဒေါ်ဟေမာက ပြောကြားသည်။ 

စားသုံးသူရေးရာ ဦးစီးဌာနက Canal+ ရုပ်သံလိုင်းကို ဥပဒေနှင့်အညီ အရေးယူနိုင်ရန် ပြည်သူများအနေနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့များနှင့် စားသုံးသူရေးရာ ဦးစီးဌာန၏ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) များသို့ နစ်နာသည့်အချက်အလက်များနှင့် ဆက်သွယ်တိုင်ကြားနိုင်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။ 

J-11