News

POST TYPE

LATEST NEWS POST

အမေရိကန်သမ္မတဟောင်း စီနီယာဘွတ်ရှ်၏ဇနီး၊ သမ္မတဟောင်း ဂျူနီယာဘွတ်ရှ်၏ မိခင်ဖြစ်သူ ကွယ်လွန်
19-Apr-2018



ဝါရှင်တန်၊ ဧပြီ ၁၈

ခင်ပွန်းဖြစ်သူနှင့် သားဖြစ်သူတို့နှစ်ဦးစလုံး အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခြင်းကို မြင်တွေ့ခဲ့ရသည့် တစ်ဦးတည်းသော အမေရိကန် first lady ဟောင်း ဘာဘရာဘွတ်ရှ်သည် အင်္ဂါနေ့က အသက် ၉၂ နှစ်အရွယ်တွင် ကွယ်လွန်သွားသည်ဟု ဘွတ်ရှ်မိသားစုက ပြောကြားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ဘာဘရာဘွတ်ရှ်သည် ၄၁ ဆက်မြောက် သမ္မတ ဂျော့ဘွတ်ရှ် စီနီယာ၏ ဇနီးဖြစ်ပြီး ၄၃ ဆက်မြောက် သမ္မတဂျော့ဘွတ်ရှ်ဂျူနီယာ၏ မိခင်ဖြစ်သည်။

သူမ၏ကျန်းမာရေး ယိုယွင်းလာမှုကြောင့် ဆက်လက်ဆေးကုသရန် မကြိုးစားတော့ဘဲ သက်သောင့်သက်သာ ရှိရေးကိုသာ ဦးစားပေးရန် ဆုံးဖြတ်လိုက်သည်ဟု ဘွတ်ရှ်မိသားစုက တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည်။

သူမသည် မကြာသေးမီနှစ်များအတွင်း နာတာရှည် အဆုတ်ရောဂါနှင့် နှလုံးရောဂါတို့၏ ဖိစီးမှုကို တွန်းလှန်ခဲ့ရသည်ဟု မီဒီယာသတင်းများက ဆိုသည်။ 

ဘာဘရာဘွတ်ရှ်သည် သူမ၏ ငွေရောင်ဆံပင်များကြောင့် လူသိများသည့်အပြင် မိသားစုကို ပြင်းပြင်းထန်ထန် ကာကွယ်တတ်သူဖြစ်သောကြောင့် ငွေရောင်မြေခွေးဟူသော နာမည်ပြောင်ကိုလည်း ရရှိထားသည်။

ဘာဘရာသည် သူမခင်ပွန်း ဂျော့ဘွတ်ရှ်စီနီယာ ၁၉၈၉ မှ ၁၉၉၃ အထိ သမ္မတရာထူး တာဝန်ထမ်းဆောင်စဉ် အိမ်ဖြူတော်တွင် သမ္မတကတော်ဖြစ်ခဲ့သည်။ သားဖြစ်သူ ဘွတ်ရှ်ဂျူနီယာမှာ ၂၀၀၁ မှ ၂၀၀၈ အထိ သမ္မတရာထူးရရှိခဲ့ရာ သမ္မတသားအဖကို ဘွတ်ရှ် ၄၁ နှင့် ဘွတ်ရှ် ၄၃ ဟု ရံဖန်ရံခါ ခေါ်ဝေါ်ကြသည်။

ဘွတ်ရှ်မောင်နှံသည် ၎င်းတို့၏ ၇၃ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်ကို ဇန်နဝါရီလက ကျင်းပခဲ့ပြီးဖြစ်သည်။

သူမသည် သမ္မတကတော်ဘဝတွင် စာတတ်မြောက်ရေးကို အားပေးလှုံ့ဆော်ခဲ့သော်လည်း ခင်ပွန်း၏ တိုင်းပြည်အုပ်ချုပ်မှုကိစ္စများကို ကူညီရခြင်းထက် အိမ်ထောင်မှုကိစ္စကိုသာ စိတ်ဝင်စားသည်ဟု ပြောဆိုခဲ့သူဖြစ်သည်။ သူမ၏ ရှေ့မှ နန်စီရေဂင်၊ ရိုစလင်းကာတာတို့ကဲ့သို့ နိုင်ငံရေးတွင် စွက်ဖက်သည်ဟု ထင်ကြေးပေးမှုများကိုလည်း ဘာဘရာကပယ်ချခဲ့သည်။

“သူ့ရုံးကိစ္စတွေကိုလည်း ကျွန်မက ဝင်မစွက်ဘူး၊ သူကလည်း ကျွန်မရဲ့အိမ်ထောင်မှုကိစ္စတွေကို စိတ်မဝင်စားဘူး” ဟု ဘာဘရာက ဆိုခဲ့သည်။

ကွယ်လွန်သူ သမ္မတကတော်ဟောင်းကို လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်၊ သမ္မတဟောင်းဘားရက်အိုဘားမားနှင့် ဘီလ်ကလင်တန်တို့ကလည်း ဂုဏ်ပြုခဲ့ကြသည်။

အမေရိကန်သမ္မတများ၏ ဇနီးနှင့် မိခင်ဖြစ်ခဲ့သူ နောက်တစ်ဦးမှာ သမ္မတဂျွန်အဒမ် (၁၇၉၇ - ၁၈၀၁) ၏ ဇနီး အက်ဘီဂေးလ်အဒမ်ဖြစ်သည်။ သို့သော် သူမသည် သားဖြစ်သူ ဂျွန်ကွင်စီအဒမ် ၁၈၂၄ တွင် သမ္မတမဖြစ်ခင် ကွယ်လွန်သွားခဲ့သည်။

ဘာဘရာသည် သူမ၏ နောက်ထပ်သားတစ်ဦးဖြစ်သူ ဖလော်ရီဒါ အုပ်ချုပ်ရေးမှူး ဂျက်ဘွတ်ရှ် ၂၀၁၆ သမ္မတလောင်းရွေးပွဲအတွက် ယှဉ်ပြိုင်စဉ်ကလည်း ပြိုင်ပွဲမှ မနုတ်ထွက်ခင်အထိ မဲဆွယ်ပေးခဲ့သည်။

ဘာဘရာသည် သားသမီးခြောက်ဦး ထွန်းကားခဲ့ပြီး ၁၉၅၃ တွင် အသက် ၃ နှစ်အရွယ် သမီးဖြစ်သူ ကွယ်လွန်သွားမှုကြောင့် အချိန်မတိုင်မီ ဆံပင်များဖြူသွားခဲ့ရသည်ဟု သိရှိရသည်။

ဘွတ်မောင်နှံသည် ၁၉၄၅ တွင် လက်ထပ်ခဲ့ကြပြီး ဘာဘရာသည် ခင်ပွန်းဖြစ်သူ တက်ဆပ်ရေနံလုပ်ငန်းရှင် အဖြစ်မှ ကွန်ဂရက်အမတ်၊ ရီပတ်ဘလစ်ကန် ပါတီခေါင်းဆောင်၊ တရုတ်နိုင်ငံဆိုင်ရာနှင့် ကုလသမဂ္ဂဆိုင်ရာအမေရိကန် ကိုယ်စားလှယ်၊ စီအိုင်အေအကြီးအကဲ စသည်ဖြင့် အလုပ်ပြောင်းရွှေ့ရာသို့ လိုက်ပါခဲ့သူ ဖြစ်သည်။

သူမသည် ခင်ပွန်းဖြစ်သူထက် တစ်နှစ်ငယ်သူဖြစ်ပြီး ၁၉၂၅ တွင် ဘာဘရာပီးယားစ်အမည်ဖြင့် နယူးယောက်တွင် မွေးဖွားခဲ့သည်။ ဖခင်မှာ MaCall မဂ္ဂဇင်းထုတ်ဝေသူ မာဗင်ပီးယားစ်ဖြစ်သည်။

ဂျော့ဘွတ်ရှ်သည် ဘာဘရာနှင့် စေ့စပ်ပြီးနောက် လက်မထပ်ရသေးခင် ၎င်းမောင်းနှင်သော ဗုံးကြဲလေယာဉ်ကို ပစိဖိတ်သမုဒ္ဒရာအတွင်း ဂျပန်တို့က ပစ်ချခဲ့ရာ ပင်လယ်ထဲ မျောသွားခဲ့ပြီးမှ ရေငုပ်သင်္ဘောက ကယ်ဆယ်ခဲ့သောကြောင့် အသက်ရှင်ခဲ့ရပြီး အိမ်ပြန်ကာ လက်ထပ်နိုင်ခဲ့ခြင်းဖြစ်သည်။ 

“အသက် ၁၈ နှစ်တုန်းက လူတိုင်းကို လူစွမ်းကောင်းလို့ ထင်တာပေါ့။ တကယ်တော့ မိုက်မဲတာပါ။ ဒါပေမဲ့ သူအိမ်ပြန်လာမယ်ဆိုတာ ကျွန်မသိတယ်။ သူက superman ပါပဲ” ဟု ဘာဘရာက CNN သို့ ၂၀၀၃ ခုနှစ်တွင် ပြောကြားခဲ့သည်။

F-04