News

POST TYPE

LATEST NEWS POST

ဖေ့စ်ဘွတ်ခ်က မျက်နှာခွဲခြားသိမှတ်မှုနည်းပညာ သုံးစွဲရန် ဥရောပနှင့် ကနေဒါ၌ သုံးသူများ၏ သဘောတူညီချက် ဦးစွာတောင်းခံ
19-Apr-2018



ဝါရှင်တန်၊ ဧပြီ ၁၈

ဖေ့စ်ဘွတ်ခ်က ဓာတ်ပုံနှင့် ဗီဒီယိုများတွင် လူများကိုခွဲခြားဖော်ထုတ်ရန်သုံးသော မျက်နှာခွဲခြားသိမှတ်မှုနည်းပညာသုံးစွဲခွင့်ကို ဥရောပနှင့် ကနေဒါ၌ သုံးသူများထံမှ သဘောတူညီချက် ဦးစွာတောင်းခံမှု စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

၂၀၁၁ ခုနှစ်တွင် ဖေ့စ်ဘွတ်ခ်သည် မျက်နှာခွဲခြားသိမှတ်မှုနည်းပညာကို ကနေဒါနိုင်ငံမှတစ်ပါး အခြားနိုင်ငံများတွင် သုံးစွဲခဲ့သော်လည်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အစည်းများ၊ ကိုယ်ရေးအချက်အလက်လုံခြုံရေးလှုပ်ရှားသူများ၏ ကန့်ကွက်မှုကြောင့် ဥရောပသမဂ္ဂဝင် နိုင်ငံသားများအတွက် ယင်းလုပ်ဆောင်ချက်ကို ရပ်ဆိုင်းပေးခဲ့ရသည်။

ယခုအခါတွင်မူ ပိုမိုတင်းကျပ်သည့် ကိုယ်ရေးအချက်အလက်လုံခြုံမှုဥပဒေ မထွက်လာမီ ယင်းနည်းပညာသုံးရန် သုံးသူကခွင့်ပြုပေးမှရသည့် လုပ်ဆောင်ချက်သစ်ကို ထည့်သွင်းလိုက်ခြင်းဖြစ်သည်။ ယခုလုပ်ရပ်မှာလည်း အငြင်းပွားစရာဖြစ်လာနိုင်သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။

ဖေ့စ်ဘွတ်ခ်သည် လတ်တလောတွင် သုံးစွဲသူများ၏ အချက်အလက်များကို ခွင့်ပြုချက်မရဘဲ နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ Cambridge Analytica က အသုံးချသွားသည့်ကိစ္စအတွက် ဝေဖန်ခံနေရသည်။

အမေရိကန်တွင်လည်း မျက်နှာခွဲခြားသိမှတ်မှုနည်းပညာသုံးရန် သုံးသူများ၏ ရှင်းလင်းသော သဘောတူညီချက်မယူဘဲ လုပ်ဆောင်ခဲ့သည့်အတွက် စုပေါင်းတရားစွဲဆိုမှုနှင့်ရင်ဆိုင်နေရသည်။

“ကွန်ရက်ပေါ်မှာ သန်းထောင်ချီတဲ့ ဓာတ်ပုံတွေကနေ ဇီဝလက္ခဏာနဲ့ ခွဲခြားသိမှတ်မှု၊ ခြေရာခံမှုလုပ်တာဟာ သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်လုံခြုံမှုကို ဆိုးဆိုးရွားရွားထိခိုက်စေပါတယ်” ဟု ဗြိတိန်ရှိ အရပ်ဘက်လွတ်လပ်ခွင့်အဖွဲ့ Big Brother Watch မှ ဆစ်လ်ကီကာလိုက သုံးသပ်သည်။

“ဖေ့စ်ဘွတ်ခ်အနေနဲ့ ဥပဒေကို ဘယ်လိုလိုက်နာသလဲဆိုတာကို သက်သေပြဖို့ တာဝန်ရှိတဲ့အချက်ပါ။ သူ့ရဲ့ ထောက်လှမ်းသိမှတ်နိုင်စွမ်း ဘယ်လောက်ထိရှိနေပြီဆိုတာ သက်သေပြရမယ့်အချိန်မဟုတ်ပါဘူး” ဟု ကာလိုကသုံးသပ်သည်။

ဥရောပနှင့် ကနေဒါ ပြင်ပမှ ဖေ့စ်ဘွတ်ခ်သုံးစွဲသူများအတွက်မူ လာမည့်လပိုင်းအတွင်း ကိုယ်ရေးအချက်အလက် ထိန်းချုပ်မှုအတွက် အလားတူအချက်အလက်များ ပြန်လည်သုံးသပ်ပေးသွားမည်ဖြစ်သော်လည်း မျက်နှာခွဲခြားသိမှတ်မှုနည်းပညာဖြင့် မှတ်တမ်းတင်မခံလိုပါကမူ မိမိဘာသာ စနစ်အတွင်းမှ ထွက်ရန်လိုအပ်မည်ဖြစ်သည်။

မျက်နှာသိမှတ်မှုနည်းပညာမှာ သုံးသူများ၏ Profile ဓာတ်ပုံနှင့် အခြားတင်ထားသောပုံများကို အခြေခံပြီး မည်သူမည်ဝါဖြစ်သည်ဆိုခြင်းကို ဖော်ထုတ်သည့်နည်းပညာဖြစ်ပြီး အခြားသူများ၏ ဓာတ်ပုံများတွင်ပါ မျက်နှာမြင်လိုက်သည်နှင့် ထိုသူမည်သူဆိုခြင်းကို ဖော်ထုတ်နိုင်ရန် အသုံးချနိုင်သည့် နည်းပညာဖြစ်သည်။

ယင်းစနစ်ကြောင့် လူတစ်ယောက်က ပုံတစ်ပုံတင်လိုက်ပါက ပုံတွင်ပါသူများ၏အမည်ကို အလွယ်တကူတွဲတင်နိုင်သည့်အပြင် မသမာသူတစ်ဦးက အခြားသူ၏ပုံကို Profile ပုံအဖြစ် သုံးပါက ဖော်ထုတ်ရန် လွယ်ကူသွားစေသည်။ ထို့ပြင် New Friends များ အဆိုပြုရှာဖွေပေးရာတွင်လည်း ယင်းစနစ်ကို ဖေ့စ်ဘွတ်ခ်က အသုံးချနေသည်။ ကြော်ငြာများမိမိပစ်မှတ်ထားလိုသော သုံးစွဲသူထံ ရောက်ရှိနိုင်ရေးတွင်လည်း ယင်းနည်းပညာက အသုံးတည့်လျက်ရှိသည်။ 

သို့သော်လည်း သုံးသူဘက်မှကြည့်ပါက မိမိ၏လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်မှတ်တမ်းတင်ခံရသလိုဖြစ်သွားစေပြီး မိမိ၏ ကိုယ်ရေးလုံခြုံမှုကို ဆိုးဆိုးရွားရွား ထိခိုက်စေသည်ဟု ယူဆစရာဖြစ်နေသည်။

F-03