News

POST TYPE

LATEST NEWS POST

ရေလောင်းဟန်ပြု၍ ကျန်းမာရေးဝန်ထမ်းအမျိုးသမီးကို အဓမ္မပြုကျင့်ရန် ကြံစည်
18-Apr-2018

ကျိုင်းတုံ၊ ဧပြီ ၁၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် ယမ်းမကျေးရွာအနီးရှိ ကားဝပ်ရှော့တစ်ခုတွင် ဧပြီလ ၁၆ ရက် (သင်္ကြန်​အတက်နေ့) ညနေ ၅ နာရီခွဲခန့်က ကျန်းမာရေးဝန်ထမ်းအမျိုးသမီးကို ရေလောင်းဟန်ပြု၍ အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း မိုင်းယောင်းမြို့မရဲစခန်းထံမှ သိရသည်။ 

အသက် ၂၀ နှစ်ခန့်အရွယ် ကျေးလက်ကျန်းမာရေးဝန်ထမ်း အမျိုးသမီးသည် ဧပြီလ ၁၆ ရက် သင်္ကြန်အတက်နေ့က မိုင်းယောင်းမြို့မှ ဟိုရမ်းရွာသို့ တစ်ဦးတည်း ဆိုင်ကယ်စီးလာစဉ် အခင်းဖြစ်ဝပ်ရှော့ရှေ့တွင် အသက် ၁၈ နှစ်ခန့်အရွယ် ဝပ်ရှော့လုပ်သား ချစ်ထူးအောင်က ရေလောင်းဟန်ပြုကာ ဖမ်းဆီးချုပ်နှောင်ပြီး အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ဆရာမလေးကို ကြိုးနဲ့ချည်ပြီး အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့ပေမယ့် အထမမြောက်ခဲ့ဘူး။ ကြိုးတွေဖြည်ပြီး ထွက်ပြေးပေမယ့် ပြန်ဖမ်းမိချိန်မှာ ဝပ်ရှော့ပိုင်ရှင်သားနဲ့ လုပ်သားတစ်ဦးကသိပြီး ပြန်လွှတ်ပေးလို့ လွတ်မြောက်ခဲ့တာပါ”ဟု ၎င်းက ရှင်းပြသည်။

အဓမ္မပြုကျင့်ရန် ကြံစည်မှုနှင့်ပတ်သက်၍ ချစ်ထူးအောင်ကို (ပ) ၆/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁/၃၄၂ ဖြင့် အရေးယူထားကြောင်း မိုင်းယောင်းမြို့မရဲစခန်းထံမှ သိရသည်။

R-16


  • VIA